Sunday, 7 May 2017

အဆင်သင့်ဖြစ်ပြီလား


မမြဲတဲ့လောကကြီးမှာ အစိုးမရမှု အနတ္တနဲ့ပေါင်းထားတော့ ဒုက္ခတွေက များသား။ ရှာဖွေရတဲ့ ဒုက္ခ၊ စောင့် ရှောက်ရတဲ့ ဒုက္ခ၊ ချစ်ရတဲ့ ဒုက္ခ၊ မုန်းရတဲ့ ဒုက္ခနဲ့။ စုံလို့ပါပဲ။ ဒါကြောင့်ပဲထင်ပါတယ်။ ဗုဒ္ဓမြတ်စွာ တရားဦးကို ဟောတဲ့အခါ ဒုက္ခတွေများလှတဲ့ လောကအကြောင်းကို ဦးတည်ခဲ့တာပဲမဟုတ်လား။ ရှင်သန်ရတာလဲ ဒုက္ခ၊ အို၊နာ၊သေရတာလဲ ဒုက္ခ၊ ချစ်သူနဲ့ဝေး မချစ်သူနဲ့ နီးရတာလဲ ဒုက္ခ၊ လိုတာမရ ရတာမလိုတာလဲ ဒုက္ခရယ်လို့လေ။ တကယ်က ခန္ဓာငါးပါး ရုပ်နာမ် နှစ်ပါးရလို့သာ ဒီလိုကြုံရတာပါတဲ့။

ဗုဒ္ဓရဲ့ တရားတော်များဟာ လောကမှာနေတဲ့အခါ လောကဓံကို ခံနိုင်ရည်ရှိဖို့ လေ့ကျင့်ပေးတဲ့အရာပါပဲ။ မယုံမရှိပါနဲ့။ တရားတော်ကို လေ့သာကျင့်ကြည့်ပါ။ ခံနိုင်ရည်ရှိတာကို တွေ့ရပါလိမ့်မယ်။ တရားတော်ဆိုတာ လာစမ်းလှည့်၊ လာကျင့်လှည့် ချက်ချင်း အကြိုးရစေမယ်ဆိုတဲ့ စိန်ခေါ်ချက်နဲ့ လောကမှာ ရှင်သန်နေတဲ့ အ ရာတစ်ခုပဲလေ။ တရားက ဘ၀အာမခံချက်ပေးနေပေမယ့် ဘ၀အာမခံချက် မရှိတဲ့ လူသားတွေက မထုံတက် တေးနဲ့ ကိုယ်နဲ့မဆိုင်သလိုနေကြတာက အခက်တွေ့စေတာပါ။ အရှိနောက်လိုက်ရင်း ဘ၀တွေ အဆုံးသတ် သွားရသူတွေ၊ ကိုယ့်မျက်စိရှေ့ နေ့မြင် ညပျောက်နဲ့ လောကကိုကျောခိုင်းသွားရသူတွေ ဒုနဲ့ဒေး ရှိနေပေမယ့် ကိုယ်မဟုတ်သေးတော့ လူတွေက မဖြုံရေးချ မဖြုံ။ ဒါပေမယ့် တစ်နေ့ကျရင် ကိုယ့်အလှည့်ဆိုတာကတော့ သေချာနေပါတယ်။

ကျင့်စရာဖြစ်တဲ့ ဗုဒ္ဓတရားတော်များထဲက ဘာဝနာဟာ ဘ၀အတွက် အာမခံချက်အပေးနိုင်ဆုံး တရားတော် ပါပဲ။ ဘ၀မနာချင်ရင် ဘာဝနာပွားပါလို့တောင် ပြောကြ ဟောကြတယ်မဟုတ်လား။ သမထကိုကျင့်ရင် ဘ၀ ငြိမ်းချမ်းပြီး အေးဆေးစွာနေနိုင်မှာဖြစ်သလို ၀ိပဿနာပွားရင် ဘ၀ကို နားလည်ပေးကာ အသေကို လက်ခံ ရင်း မသေရာကိုလှမ်းတက်နိုင်ပြန်ရော။ အသေကြောက်တယ် အသေဖြောင့်ပြီး နောက်ထပ်သေမှာကို ကြောက်တယ်ဆိုရင်တော့ သင်္ခါရသဘောကို စောကြောကာ နားလည်စေနိုင်တဲ့ ၀ိပဿနာကို ပွားများ အား ထုတ် ထားဖို့ပါပဲ။ ငါမသေသေးဘူး နောက်မှ လုပ်မယ်လို့ ဆင်ခြေပေးနေတုန်းလား။ မယုံမရှိနဲ့ မိတ်ဆွေ။ ကိုယ့်မှာပဲ ဆင်ခြေရှိတာမဟုတ်ဘူး။ သေမင်းမှာလဲ ဆင်ခြေရှိပါတယ်။ မင်းအားတာကို ငါ မစောင့်နိုင်ဘူးလို့ ပြောမှာက သေမင်းပဲ့လေ။

အတွေ့အကြုံဟာ လူတစ်ယောက်ကို ပြည့်ဝစေတယ်တဲ့။ တစ်ခုလောက်ထပ်ထည့်လို့ရရင် ဒီလိုလေး ထည့်ချင်ပါသေးတယ်။ ပြည့်ဝစေရုံမကဘူး လွတ်မြောက်မှုကိုပါ ရစေတယ်လို့လေ။ အချုပ်ကျနေသူတွေဟာ သူတို့ အချုပ်ကျနေတယ်ဆိုတာ မသိမချင်း လွတ်ချင်စိတ်ဟာ ပေါ်မှာမဟုတ်တာ အသေအချာပါပဲ။ ဒါပေမယ့် ငါတို့ အချုပ်ကျနေတယ်လို့ သိတဲ့တစ်နေ့ လွတ်ချင်စိတ်ပေါ်လာမှာအမှန်ပါ။ လွတ်အောင်လဲ လုပ်တော့မှာပဲလေ။ အတွေ့အကြုံကပေးတဲ့ သင်ခန်းစာတစ်ခုအကြောင်းကို ပြောပြချင်ပါရဲ့။ ယူတတ်ဖို့ပါ။

မေလမွေးသူတွေအတွက် မေလဟာ ပျော်စရာများနဲ့ ဖန်ဆင်းထားတဲ့လလို့တွေးကြမှာပါ။ ဘယ်အရာပဲဖြစ်ဖြစ် အကောင်းနဲ့ အဆိုးဆိုတာ ဒွန်တွဲလျက်ရှိပါတယ်။ တရားတော်မှာတောင် ကုသိုလ်နဲ့ အကုသိုလ်ဆိုတာ ရှိသေးတယ်မို့လား။ မေလ တစ်ရက်နေ့ဟာ အလုပ်ပိတ်ရက်မို့ လွတ်လပ်စွာပျော်နေမိသေး။ ဟိုသွား ဒီစား ပေါ့။ တစ်ရက်ပြီး တစ်ရက်နဲ့ အချိန်တွေက လူသားတွေရဲ့ နုပျိုတဲ့ အရွယ်ကို အအိုနဲ့အစားထိုး၊ ရှည်နေတဲ့ အသက်ကို အသေနဲ့ အစားထိုးဖို့ကြိုးစားနေတာကို အပျော်လူသားတွေ တချက်လေးမှ သတိမရ။ အပြင်မှာ အပျော်ကိုရှာတော့ အပူရပြီး အပါယ်ကျတတ်တယ်ဆိုတာကိုလဲ မေ့နေကြတယ်လေ။ နေ့ရက်ဆိုတာ တ ကယ့်ကို အသက်နှုတ်စက်ကြီးတစ်လုံးပါ။ မေလ ငါးရက် ညနေ လေးနာရီလောက် ဖုန်းလာတယ်။ မွေးမိခင် ဆေးရုံတင်ရတဲ့အကြောင်းပေါ့။ မကြာပါဘူး ပြန်ကောင်းသွားပြီး စကားတွေပြောနေပြီတဲ့။ ဒီကလဲ သြော် ဘာ မှ မဖြစ်နိုင်သေးပါဘူးပေါ့လေ။ အချိန်ကို ထည့်မတွက်မိတာ။ ဒါနဲ့ ည (၈း၄၀) မှာ ဖုန်းထပ်လာတယ်။ ဘ၀ကူး သွားပြီတဲ့။ သြော်………ဆိုတဲ့ အာမေဋိတ်တစ်ခုကလွဲပြီး ဘာမှထွက်မလာခဲ့။ အသေဆိုတာ အသက်နဲ့တွဲ လျက်ရှိတယ်၊ အသက်ဆိုတာ အချိန်ရဲ့ ကိုယ်စားလှယ်ဆိုတာကို သိနေကြပေမယ့် ငါမသေသေးဘူးဆိုတဲ့ ဆင်ခြေတွေနဲ့ တရားကိုလက်ကိုင်ထားဖို့ မေ့နေသူတွေကို သတိပေး ခေါင်းလောင်းသံ ထိုးလိုက်တာပါပဲ။ ဘယ်အရွယ်၊ ဘာရောဂါ၊ ဘယ်အချိန်၊ ဘယ်နေရာမှာ သေပြီး ဘယ်ရောက်မယ်ဆိုတာ မသိနိုင်တဲ့ လူသား တွေအတွက် လောကကြီးဟာ ပျော်စရာဖြစ်နေဦးမှာပါ။ အပျော်ကိုလဲ တမ်းတမ်းစွဲ ရှာဖွေနေကြဦးမှာပါ။ ဒါကို အပြုံးနဲ့စောင့်ကြည့်နေမှာကတော့ သေမင်းပါပဲ။ အခုလဲ မနက်က အကောင်း။ နေရတာက အိမ်။ ည နေကျတော့ ဖေါက်ပြန်၊ ရောက်သွားတာက ဆေးရုံ။ သေမင်းက ရှုနေတဲ့အသက်ကိုပါ ဆက်ရှုခွင့်မပေးတော့ ကံကုန်လို့ ဘ၀ကူးသွားတဲ့ ကျေးဇူးရှင်အမေအတွက် ကောင်းရာရောက်ပါစေလို့ တောင်းဆုချွေပေးရုံကလွဲ ပြီး ဘာမှမတတ်နိုင်ခဲ့။ အသက်ရှင်နေသူတွေ ငါမသေသေးဘူးလို့ ထင်နေတုန်းလား။ ကိုယ်တိုင်သောက ယူ ပြီး ဘ၀ထဲက ထွက်မသွားချင်ဘူး၊ ကျန်သူများကိုလဲ သောက မပေးခဲ့ချင်ဘူးဆိုရင် အသက်နဲ့ တူတဲ့ အချိန် ကို တန်ဖိုးထားသင့်ပါပြီ။ ငါလဲ အချိန်မရွေးသေနိုင်တယ်၊ သေမင်းက ငါ့ကို အချိန်မရွေးခေါ်နိုင်တယ်ဆိုတာ ကို အသိထဲ ထည့်ထားရင် အသေကိုလက်ခံနိုင်သွားမှာပါ။ အချိန်မနှောင်းခင် အသိတွေပြောင်းကြစေချင်ပါ ပြီ ။ အရာရာဟာ ကိုယ့်သဘောအတိုင်းမဖြစ်ပါဘူး။ အခုအသက်ရှုပြီး အသက်ရှင်နေတာ တော်ကြာ အသက်ရှုရပ်ပြီး၊ သေကြရမယ်ဆိုတာ သတိထားသင့်ပါပြီ။ အပ္ပမာဒ သတိတရားအရေးကြီးလွန်းလို့ အပ္ပမာ ဒေန သမ္ပာဒေထ= သတိတရားနဲ့ ပြည့်စုံအောင် နေကြလို့ ဘုရားရှင် ပရိနိဗ္ဗာန်စံခါနီး မှာခဲ့တာလား။

ဘယ်လိုလဲ။ ငါကျန်းမာတယ်။ ဘာမှ မဖြစ်သေးဘူးလို့ ထင်နေတုန်းလား။ အနတ္တလမ်းမှာ ဒုက္ခထမ်းပြီး အနိစ္စ လေကို ရှုနေရတဲ့ သင့်အတွက်တော့ အချိန်တိုင်းဟာ သေနိုင်တယ်ဆိုတာ မမေ့ပါနဲ့။ အသေမဦးခင် အသိဦး ထားမှ တော်ကာကျမှာ။ အသေဦးပြီး အသိနောက်ကျရင်တော့ နောင်တလဲ ကယ်နိုင်မှာမဟုတ်တော့ပါဘူး။

ဒါကြောင့် မသေခင် အချိန်ရနေတုန်းမှာ ပေးစရာရှိတာကို ပေးဖြစ်အောင် ပေးခဲ့ကြပါ (ဒါန)၊ ဖြည့်စရာများကို လဲ ဖြည့်ဖြစ်အောင် ဖြည့်ကြပါ (သီလ)။ ကျင့်စရာများကိုလဲ ကျင့်ဖြစ်အောင် ကျင့်ကြပါ (ဘာဝနာ) လို့ အသိ ပေးတိုက်တွန်းချင်ပါတယ်။ ခံနိုင်ရည်ဆိုတာ မိုးကျရွှေကို မဟုတ်ပါဘူး။ လေ့ကျင့်မှ ပြည့်စုံမယ့်အရာတွေပါ။ မယုံမရှိပါနဲ့။ လေ့လာရင် ကျွမ်းကျင်သွားမှာပါ။ ကိုယ်အချစ်ဆုံး လူတစ်ယောက် လောကထဲက ထွက်သွားပြီ ဆိုတာကို စိတ်ကူးနဲ့ ခံစားကြည့်ပါ။ ခံနိုင်ရည်ရှိရဲ့လား။

ငါကိုယ်တိုင်ထွက်သွားခဲ့ရမယ်ဆိုရင်ကောလို့လဲ အပို လေးတွေးထားစေချင်ပါသေးတယ်။ ဘာကြောင့်ဆို အားလုံး ကြုံရမယ့် အတွေ့အကြုံတစ်ခုဖြစ်နေလို့ပါ ပဲ။

မိတ်ဆွေသူငယ်ချင်းများက ခရီးသွားမယ့်သူတွေကို မေးလေ့ရှိပါတယ်။ အဆင်သင့်ဖြစ်ပြီလားတဲ့။ ကြိုတင် ပြင်ဆင်ထားရင် အဆင်သင့်ပဲလို့ဖြေမိမှာအမှန်ပါ။ ဒီလိုပါပဲ။ နောက်ဘ၀ခရီးဆက်ဖို့ အဆင်သင့်ဖြစ်ပြီလား လို့ မေးလာခဲ့ရင်ကော ဘယ်လိုများ ဖြေကြမှာပါလိမ့်။

(၀၅.၀၅.၂၀၁၇) စင်္ကာပူစံတော်ချိန် ည (၈း၅၇) မိနစ်က ဘ၀တစ်ပါး ပြောင်းသွားသော မိခင်ကိုရည်စူးပါ၏
အသက်သခင် မွေးမိခင်ကြီး ကောင်းရာသုဂတိလားပါစေ