Saturday, 6 May 2017

အနတ္တလောက


လောကသဘာဝကို လက်မခံဘဲ ဆန့်ကျင်ဖို့ ကြိုးစားနေကြတာဟာ လူသားတွေပါလို့ပြောရင် လွန်မလား မ ပြောတတ်။ ဆင်းရဲတာကို ချမ်းသာနဲ့ အစားထိုးဖို့ ကြိုးစားကြသလို အကဲ့ရဲ့ဒါဏ်ကင်းပြီး ချီးမွမ်းခံရအောင် လဲ လုပ်ကြပြန်ပါတယ်။ မိတ်ဆွေနည်းမှုကို မိတ်ဆွေဖွဲ့မှုနဲ့ လဲလှယ်ဖို့ ခြေလှမ်းနေသလို မရတာကို ရအောင် အားထုတ်ကြပြန်ရော။ မကောင်းတာကို တွန်းလှန်ဖို့ ကြိုစား အားထုတ်တာဟာ ကောင်းပါတယ်။ ကိုယ့်အ တွက်ရော လောကအတွက်ပါပေါ့။ ဒါပေမယ့် အကောင်းဆိုတာ အဆိုးနဲ့ ဒွန်တွဲနေတတ်တယ်ဆိုတာကို မေ့ တာကတော့ မကောင်းတဲ့ လူသားရဲ့ အကျင့်တစ်ခုပါပဲ။

သဘာဝတရားဟာ မျက်နှာမလိုက်တတ်ပါဘူး။ မမြဲမှု အနိစ္စ၊ ဆင်းရဲမှု ဒုက္ခ၊ ကိုယ့်သဘောအတိုင်း မဖြစ် တတ်တဲ့ အနတ္တနဲ့ တည်ဆောက်ထားတဲ့ လောကကြီးမှာ ကိုယ့်သဘော အတိုင်းဖြစ်ဖို့ဆိုတာ လားလားမှ မ တွေးကောင်းတဲ့ အရာပါ။ ဂုဏ်ရှိသူကို မဆိုထားနဲ့ ဂုဏ်ပြည့်နေသူ ဗုဒ္ဓကိုတောင် အလွတ်မပေးတာ လောက ဓံ မဟုတ်ပါလား။ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း သတ္တ၀ါတွေအတွက် ဖြည့်ပေးခဲ့သူကို အကောင်းသက် သက်စံစားရအောင်၊ မအိုအောင်၊ မနာအောင်၊ မသေအောင်၊ အကဲ့ရဲ့မခံရအောင်၊ လုပ်တိုင်းဖြစ်အောင် တစ် ဘ၀လောက်တော့ ခွင့်ပေးသင့်တာပေါ့။ ဒါပေမယ့်လဲလေ……….. ရောဂါတွေရအောင်၊ အိုအောင်၊ အသက် သေအောင် အနိစ္စသဘောက လောကဓံနဲ့ ပူးပေါင်းအကျိုးပေးသွားပါရောလား။

ဒီလိုအကြောင်းတရားတွေ ပြည့်နှက်နေတဲ့ လောကကြီးမှာနေရင် သဘာဝတရား၊ လောကဓံရဲ့ လှည့်ပတ်မှု အခြေအနေကို လက်ခံနိုင် အောင် ဗုဒ္ဓဘုရားက မမြဲမှု အနိစ္စကို ပထမဆုံး ပဉ္စ၀ဂ္ဂီငါးဦးကို ချပြခဲ့တယ်လေ။
ရှင်သန်ဖို့ကြိုးစားနေသူတွေဟာ လောကီအာရုံ ကာမဂုဏ်အတွက် သက်သက်နဲ့ ဘ၀ကိုဖြတ်သန်းနေကြတဲ့ အတွက် အစွန်သွားနေသူနဲ့တူလို့ အစွန်းရောက်တတ်တယ်လို့ ဓမ္မစကြာတရားတော်မှာ အတိအလင်း အသိ ပေးခဲ့ပါတယ်။ အရှိဆိုတာ မရှိလို့ မဖြစ်တဲ့အရာတစ်ခုပါ။ ဒါပေမယ့် မရှိမဖြစ်တဲ့ အရာတစ်ခုတော့ မဟုတ်ပါ ဘူး။ ကိုယ်ပိုင်ကားဆိုတာ သူဋ္ဌေးအတွက် ရှိသင့်တဲ့အရာတစ်ခုဖြစ်ပေမယ့် ရှိမှဖြစ်တဲ့အရာတစ်ခုမဟုတ်ဘူး ဆိုတာကို လိုင်းကားတွေအပြည့်အစုံ ဖြည့်ပေးထားတဲ့နိုင်ငံမှာ သိနိုင်ပါတယ်။ အိမ်ဆိုတာလဲ ရှိသင့်တဲ့ အရာ တစ်ခုဖြစ်တယ်ဆိုတာကို လက်ခံရမှာဖြစ်ပေမယ့် တိုက်ခန်းတွေ အမြောက်အမြားစီစဉ်ပေးထားတဲ့ နိုင်ငံမှာ မရှိမဖြစ် မဟုတ်ပြန်တော့ပါဘူး။ နာမည်ကြီးမှုဆိုတာ နာမည်လိုချင်သူအတွက် ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ဘ၀ကိုအေးဆေးစွာဖြတ်သန်းချင်သူအတွက်တော့ အပိုတစ်ခုဖြစ်နေတတ်ပြန်ရော။ ဒါကြောင့် လောကမှာ ရှိ တဲ့အရာ အားလုံးဟာ မရှိမဖြစ်မဟုတ်ပါဘူး။ မရှိလဲဖြစ်တယ်ဆိုတာကို အခြားသတ္တ၀ါတွေကို ကြည့်ရင်သိနိုင် ပါတယ်။ ခက်တာက အများကိုကြည့်ပြီး မွေးရာပါ လောဘ တဏှာကို တစတစကြီးထွားအောင် လုပ်တတ် သူတွေ လောကမှာရှိနေတဲ့အတွက် ခက်ခဲမှုတွေက ဘ၀ထဲ မသိမသာဝင်လာတာပါ။ ခက်ခဲမှုများအားလုံး သူ့အလိုလို ၀င်လာတာမဟုတ်ပါဘူး။ ၀င်လာအောင် လက်ယပ်ခေါ်နေတဲ့ တဏှာ လောဘ ကာမသမားတွေ ရှိနေလို့ပါ။ တဏှာအကြိုက် ကိုယ်ကလိုက်ပြီး လုပ်ပေးနေသရွေ့ အသက်သာ အဆုံးသတ်သွားမယ် အရှိကို ရှာဖွေမှုတော့ ရပ်မှာမဟုတ်ပါဘူး။ ဒါဟာ အစွန်းရောက်သွားတဲ့ အခြေအနေတစ်ခုကို ဓမ္မစကြာတရားတော် က သုံးသပ်ပြလိုက်တာပါ။ ဒါကြောင့် အစွန်းမရောက်ဖို့ဆိုရင် အရှိဟာ မရှိမဖြစ် မဟုတ်ဘူးဆိုတာကို လက်ခံ နိုင်အောင် ကြိုးစားဖို့လိုအပ်ပါတယ်။ ဒါက ကိုယ့်သဘောအတိုင်း မဖြစ်တတ်တဲ့လောကကြီးမှာ အနိစ္စက တာဝန် ယူထားတာကို အသိပေးတဲ့ ပထမအခြေခံ သဘောတရားတစ်ခုပါ။

အရှိနောက်လိုက်လို့ သတ္တ၀ါတွေဆင်းရဲ ဒုက္ခများတာကို မျက်မြင်ကိုယ်တွေ့ ကြုံဖူးသူတွေက အသိနောက် လိုက်မှ ပြည့်စုံမယ်လို့ တွေးလာကြပြန်ပါတယ်။ ဒါပေမယ့် မှန်ကန်တဲ့ လမ်းကိုပြနိုင်သူ မရှိလေတော့ ကိုယ့် အထင်နဲ့ကိုယ် မှန်တယ်ထင်ပြီး အပြင်းအထန်ကျင့်ကြပြန်ရော။ ဆောင်းကာလမှာ ရေငုပ်မယ်၊ နွေရာသီမှာ မီးလှုံမယ်၊ အားနေရင် တုန်းခုန်မယ်ဆိုတဲ့ အတွေးတွေနဲ့ နေ့နဲ့ညကို ဖြန်သန်းကြပြန်ရော။ သူတို့အတွေးက ဒါမျိုးသာ ခက်ခက်ခဲခဲ ကြိုးစားအားထုတ်နေမယ်ဆိုရင် တမ်းတ လိုချင်တဲ့ တဏှာ မပေါ်တော့ဘူးတဲ့။ တဏှာ ကို အသိနဲ့ပေါင်းထားတဲ့ မှန်ကန်တဲ့အကျင့်နဲ့ လျော့ချဖို့မကြိုးစားဘဲ အသိမပါဘဲ မှားယွင်းတဲ့ အကျင့်နဲ့ သတ်ဖို့ ကြိုစားတာဟာ အစွန်းရောက်သွားစေပါတယ်။ တဏှာကိုပါးအောင်အရင်လုပ်ပြီးမှ သတ်တာဟာ မှန် ကန်တဲ့ နည်းလမ်းတစ်ခုပါ။ ခက်တာက လူဆိုတဲ့ သတ္တ၀ါဟာ ငါသိ ငါတတ် ဆိုတဲ့ ဒိဋ္ဌိနဲ့ မာန၀င်လာရင် အ မှန်ကို လက်ခံဖို့ထက် သူ့အကြံ၊ သူ့အထင်ကို ချပြဖို့သာ စိတ်စောတတ်ပါရော။ ဒါဟာ အမှားများကို တစ် ယောက်တည်း လက်ခံထားဖို့ထက် အများကိုကူးစက်ဖို့ ကြိုးစားတာဖြစ်တဲ့အတွက် အမှား လက်ဆင့်ကမ်း လုပ်ငန်းကို ချဲ့ထွင်လိုက်တာပါပဲ။ မှန်မှန်ကန်ကန် သိတဲ့ဆရာရဲ့ ဆုံးမ သွန်သင်ပေးမှုသာ မရခဲ့ရင် လူသား တွေဟာ လမ်းမှားသွားရင်းနဲ့ အစွန်းရောက်သွားတတ်တယ်ဆိုတာကို ဒုတိယ အသိပေးပြန်ပါတယ်။

အရှိနောက်လိုက်သူလဲ မလွန်ဖို့၊ အသိနောက်လိုက်သူလဲ မမှားဖို့ ဗုဒ္ဓဘုရားက ပထမ၀ါမှာတင်ပဲ အမှားမြင် အမှန်ပြင်ပေးခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ လောကဓံရဲ့ လှည့်ပတ်မှုကို နားလည်ပြီး မမြဲမှု၊ ကိုယ့်သ ဘောအတိုင်း မဖြစ်တတ်မှုကို အသိပေးဖို့ပါ။ နေတတ်၊ သေတတ်သူ ဖြစ်ဖို့ပေါ့။ အစွန်းမရောက်အောင် အရှိ အသိကို မှန်ကန်စွာသုံးမှသာ မမြဲမှုကို လက်ခံနိုင်တယ်ဆိုတာ အရင် အသိပေးပြီးမှ ကိုယ့်သဘောအတိုင်း မ ဖြစ်တတ်တဲ့ သဘာဝကို လက်ခံဖို့ နောက်ထပ် အသိပေးရပြန်ပါတယ်။ ဒါကြောင့် အနတ္တလက္ခဏသုတ်ကို အရင် မဟောဘဲ နောက်မှ ဟောရတာပေါ့။ မမြဲမှုကို အလွယ်တကူ လက်ခံတတ်ကြပေမယ့် ကိုယ်လုပ်ရင် ဘာမဆိုဖြစ်တယ်လို့ တွေးထားသူအတွက်တော့ လုပ်တိုင်းဖြစ်မလာရင် ခံရခက်တတ်ပါတယ်။

လောကကြီးဟာ ကိုယ့်အတွက်ဖြစ်လာတာမဟုတ်ပါဘူး။ သူ့အလိုလိုရှိနေတဲ့ လောကထဲကို ကိုယ်က တဏှာ နဲ့ ၀င်လာသူပါ။ ကိုယ်ကျေနပ်ဖို့ လောကကဖန်တီးပေးမှာမဟုတ်ပါဘူး။ လောကမှာရှိတဲ့ ကျေနပ်စရာကိုသာ လွယ်ကူစွာလက်ခံဖို့ပါ။ လှပတဲ့ လောကကို ကိုယ့်ရဲ့ အတ္တနဲ့ အရောင်ဆိုးရင် အလှတွေပျက်သွားမှာသေချာ ပါတယ်။ ဒါကြောင့် သဘာဝလှနေတဲ့ လောကထဲမှာ နေတတ်ဖို့ပဲ လိုတာပါ။ နေတတ်ရင် ကျေနပ်စရာဆိုတာ အသိမှန်သူမှာသာ ရှိနိုင်တဲ့ သဘောတရားတွေပါ။ အကောင်းအဆိုးဆိုတာ အပြောနဲ့သာမဟုတ် လက်တွေ့ အသိ အကျင့်နဲ့ပါ လက်ခံရင် လောကနဲ့ လိုက်လျောညီထွေ နေတတ်သူဖြစ်ပါပြီ။

တကယ်တော့ လောကမှာ ခဏတာနေရတဲ့ကာလအတွင်း အကောင်း အဆိုး၊ အကြောင်း အကျိုးကို လက်ခံ ပြီး မမြဲတဲ့သဘောတရားအကြောင်းကို လေ့လာရင်း ကိုယ့်သဘောအတိုင်းမဖြစ်တာကိုပါ သိအောင်ကြိုးစား ကြစေချင်ပါတယ်။

၀၂.၀၂.၂၀၁၇ ကြာသပတေးနေ့