Sunday, 7 May 2017

မတောင်းဘဲပေးတဲ့ လက်ဆောင်


လူသားတွေဟာ လက်ဆောင်အမျိုးမျိုးကိုတမ်းတတတ်ကြသလို လက်ဆောင် အမျိုးမျိုးကိုလဲ ပေးတတ်ပါ တယ်။ လက်ဆောင်ဆိုတာဟာ ပေးသူ ယူသူနှစ်ယောက်နဲ့ သက်ဆိုင်တဲ့အရာတစ်ခုပါ။ ဒါကြောင့် တောင်း လို့ပေးရတဲ့လက်ဆောင်နဲ့ မတောင်းဘဲ ပေးတဲ့လက်ဆောင်ရယ်လို့ နှစ်မျိုးရှိတယ်လို့ ခွဲထားရင် ပိုအဆင်ပြေ မယ်ထင်ပါတယ်။

တန်ဖိုးဆိုတာကို လူအများက ငွေရဲ့အမောင့်နဲ့ တန်ဖိုးဖြတ်ကြပါတယ်။ တကယ်တော့ ပေးသူ လက်ခံသူ တို့နဲ့ပဲ သက်ဆိုင်မယ်ထင်ပါတယ်။ တချို့အရာတွေက ငွေအမောင့်နဲ့ကြည့်ရင် ဘယ်လောက်မှ မများပေမယ့် တန်ဖိုးအနေနဲ့ဆိုရင်တော့ သိပ်ကြီးမားတာမျိုးပေါ့။ လူသားတွေ တနည်းမဟုတ် တနည်းနဲ့တော့ တန်ဖိုးရှိ၊ တန်ဖိုးသိ ပစ္စည်းများကို လက်ဆောင်ပေးဖူးကြမှာပါပဲ။ လက်လဲ လက်ခံဖူးကြမှာပါပဲ။ လက်ဆောင်နှစ်မျိုးထဲ မှာ မတောင်းဘဲ ပေးတဲ့ လက်ဆောင်ဆိုတာ တန်ဖိုး သိပ်ကြီးမားပါတယ်။

တောင်းတယ်ဆိုတာ ပေးသူ ယူသူ နှစ်ယောက်လုံး သဘောတူမှ အပြစ်ကင်းတာလား။ ပေးသူက မနှစ်သက် ခဲ့ရင် တောင်းသူကို မုန်းတတ် အပြစ်မြင်တတ်သလို တောင်းသူက တောင်းတဲ့အခါ ပေးသူက မပေးခဲ့ဘူးဆို ရင်လဲ မုန်းတတ် အပြစ်ပြောတတ်တာပဲမို့လား။ ဗုဒ္ဓဟောကြား မြတ်တရားထဲက ၀တ္ထုလေးတစ်ခုကို စိတ်ထဲ မှတ်မိနေတယ်။ တောင်းတာနဲ့ ပတ်သက်ပြီး ဟောထားတာလေးပါ။ ရဋ္ဌပါလ သတိုးသားလေးဟာ တောင်းရ မှာ သိပ်ရှက် သိပ်ကြောက်ပါသတဲ့။ လောကရှိလူသားတွေကတော့ လိုအပ်လာရင် သို့မဟုတ် လိုချင်စိတ်ပေါ် လာရင် အလွယ်တကူပဲ တောင်းလိုက်တတ်ကြတယ်လေ။ ဒါပေမယ့် ရဋ္ဌပါလ သတိုးသားက အများနဲ့ ဆန့် ကျင်ဘက်။ ရဋ္ဌပါလ သတိုးသားရဲ့ အဖေဟာ သူ့သားက ပစ္စည်းတစ်ခုခုတောင်းလာမယ့်ရက်ကို တမ်းတနေ မိပါသတဲ့။ ငါ့သား ငါ့ဆီက လိုအပ်တာ တစ်ခုခုတောင်းရင် သိပ်ကောင်းမှာပဲလို့လဲ အမြဲတွေးနေတာပေါ့။ တမ်းတသလို တောင်းဆိုမှု လုံးဝမပြုတာက သားတော်လေး ရဋ္ဌပါလ။ တစ်ရက်။ မနေနိုင်လို့ သားတော်ကို မေး ရတာပေါ့။ သားရယ်….. အဖေ့ဆီကိုလေ သိသူရော မသိသူရော လာလာပြီး လိုချင်တာ လိုအပ်တာကို လာတောင်းလေ့ရှိကြတယ်ကွယ့်။ ဒါပေမယ့် သားတော်က ဘာကြောင့်များ အဖေ့ဆီက မတောင်းတာလဲလို့ မေးတော့ ရဋ္ဌပါလ သတိုးသားက ပြန်ပြောပါသတဲ့။ အဖေရယ် တောင်းသူကိုလဲ မုန်းတတ်ပါတယ်။ ဘာ ကြောင့်ဆို တောင်းသူတောင်းတဲ့ ပစ္စည်းကို ပိုင်ရှင်က မပေးနိုင်ခဲ့ဘူး မပေးချင်ခဲ့ဘူးဆိုရင် ပိုင်ရှင်ကို တောင်း သူများက ကပ်စီးနဲတယ်၊ ကော်တစ်ရာကြီးစသည်ဖြင့် မကောင်းတာတွေပြောပြီး မုန်းတတ်ပါတယ်။ ပိုင်ရှင် ကလဲ မပေးနိုင်ခဲ့ဘူး မပေးချင်ဘူးဆိုရင်လဲ တောင်းသူတွေကို အလိုက်ကန်းဆိုးမသိဘူး၊ တောင်းပဲတောင်း နိုင်လွန်းတယ်စသည်ဖြင့် အပြစ်တွေမြင်ပြီး မုန်းတတ်ပါတယ်။ အမုန်းတရားကို ကြောက်လို့ အဖေ့ဆီက မ တောင်းတာပါလို့ ရဋ္ဌပါလသတိုးသားက ရှင်းပြရတာပေါ့။ သဘောပေါက်သွားတဲ့ အဖေက သားတော် ဘာ ကြောင့် မတောင်းတာလဲဆိုတာကို နားလည်သွားတာပေါ့။ ဒါကြောင့် လောကမှာ အမုန်းတရားကို ကြောက် ရင် မတောင်းတာဟာ အကောင်းဆုံးပါပဲ။ မတောင်းဘဲ ပေးခဲ့တဲ့ လက်ဆောင်များရှိခဲ့တယ်ဆိုရင်ကောလို့ မေးခဲ့ရင်……………..အကောင်းဆုံး လက်ဆောင်ကို ရရှိတာပဲလို့ ပြောရပါလိမ့်မယ်။

ဗုဒ္ဓဟောကြားတဲ့ တရားတော်တွေဆိုတာ ပြည့်စုံလွန်းမက ပြည့်စုံလှပါတယ်။ ဉာဏ်အရာမှာ အတော်ဆုံးလို့ သတ်မှတ်ခံရတဲ့ ရှင်သာရိပုတ္တရာတောင် ပြည့်စုံအောင် ဟောပြ ချီးမွမ်းပြလို့မမီအောင်ကို ပြည့်စုံလှပါတယ်။ အမြောက်အမြားသော တရားတော်တွေထဲက မတောင်းဘဲ ပေးတဲ့လက်ဆောင်ကို တန်ဖိုးထားသူများ အ ကြောင်းကို လေ့လာမှတ်သားထားသင့်ပါတယ်။

တစ်ရက်။ဗုဒ္ဓဘုရားရဲ့ ဉာဏ်တော်ထဲကို မိသားစုသုံးယောက်ဝင်လာပါသတဲ့။ မိဘများသာ ထူးခြားတဲ့ တရား လက်ဆောင်ကို ရမှာဖြစ်ပြီး သမီးကတော့ မတောင်းဘဲပေးတဲ့ လက်ဆောင်ကို မယူတဲ့အပြင် အပြစ်ပါတင် မဲ့သူတစ်ယောက်ရယ်ပါ။ ယူသူ ပယ်သူ ချိန်ခွင်ညှိလိုက်တဲ့အခါ ယူသူဖက်က သာနေတာကြောင့် ပယ်သူကို မငဲ့နိုင်တော့တာက ဗုဒ္ဓဘုရား။ လှပတဲ့ သမီးအတွက် မာန်တက်ပြီး သာမန်လူတွေနဲ့ မတန်ဘူးလို့တွေးနေမိ တာက မိဘများဖြစ်တဲ့ မာဂဏ္ဍီ။ သမီး မာဂဏ္ဍီလဲ သူနဲ့ တူသူ တန်သူမရှိဘူးလို့ အလှမာန်ကြွနေသူလေ။ မိ ဘများက တလွဲဂုဏ်ယူမိနေမှတော့ သမီး မာန်တက်ကာ ဂုဏ်ယူနေတာ အဆန်းမဟုတ်ပါဘူးလေ။ အသက် ရလာတာနဲ့အမျှ အလှပိုကြွယ်လာတာက သမီးတော်။ နေ့ရက်တွေကုန်လွန်လာတာများလေ ဥတေနမင်း သို့ မဟုတ် သင့်တော်သူများကို မျှော်လင့်တမ်းတမိသူများက မိဘ။ သင့်တော်သူကိုသာရွေးပြီး သမီးအတွက် စိတ်ချခဲ့ချင်တာလေ။ သမီးကိုတောင်းသူများ ရှိခဲ့ပေမယ့် မိဘများက မပေးခဲ့။ အလှမာန်တက်သူများ၊ မတန် မရာ မျှော်လင့်သူများလို့ ပတ်ဝန်းကျင်မှာ တိုးတိုးတမျိုး၊ ကျယ်ကျယ်တဖုံ ပြောနေကြမှာတော့ အမှန်။ မပေး တာကို တောင်းခဲ့ကြတာလေ။ မတောင်းဘဲ ပေးတာမှမဟုတ်တာ။

တော်သူကို မျှော်နေမိသူများက မာဂဏ္ဍီ ပုဏ္ဏားလင်မယား။ သူနဲ့တန်သူကို တမ်းတမိနေသူက မာဂဏ္ဍီ အမျိုး သမီးလေ။ ဖြည့်ခဲ့တဲ့အကြောင်းများရှိရင် မတောင်းဘဲ ပေးမယ့်သူက လိုက်ရှာတတ်တယ်လေ။ ဘုရားရှင်လဲ တရားရဖို့အချိန်တန်လာတဲ့ မာဂဏ္ဍီ ပုဏ္ဏားလင်မယားကို မတောင်းတဲ့ လက်ဆောင်ကို ပေးဖို့ရောက်လာပါ တယ်။ သမီးအတွက် ယောက်ျားရှာနေတဲ့ ပုဏ္ဏားကြီး ဘုရားရှင်ရဲ့ ခြေရာကိုတွေ့တော့ ၀မ်းသာလိုက်သည့် အဖြစ်။ သမီးနဲ့သင့်တော်သူကို တွေ့ရလို့လေ။ သူတို့က ဗေဒင် လက္ခဏာများကို တဖက်ကမ်းခတ်ကျွမ်းကျင် သူများဆိုတော့ လူမမြင်ခင် ခြေရာမြင်တာနဲ့ သင့်တော်တယ်လို့ ခွဲခြားသိပြီးသား။ ခြေရာခံလိုက်မိတော့ ဗုဒ္ဓ ဘုရားနဲ့တွေ့တော့ သဘောတွေ့ မနောခွေ့ရပြီ။ ခြေရာထက် လူသားက ပိုပြီး ခန့်ညားနေပါရော့လား။ ထင်တာ ထက် အဆတစ်ရာမက သာလွန်နေသည်ကိုး။ အနားကပ်ပြီး သမီးတော်နဲ့ လက်ဆက်ပေးလိုကြောင်း ခဏ တာစောင့်ဆိုင်းစေလိုကြောင်း သမီးကို အမြန်ခေါ်မှာဖြစ်ကြောင်း စကားပြန်တောင်မစောင့်ဘဲ ဖြစ်ချင်တာကို ကရားရေလွှတ်ပြောပြီး အိမ်ကို အပြေးလေးသွားရသည်လေ။ အိမ်ရောက်တော့ အမယ်အို ပုဏ္ဏေးမကြီးကို ၀မ်းသာအားရ ဖေါက်သည်ချမိတာ။ သင့်တော်သူကို တွေ့ရပြီမို့ အချိန်မဆိုင်းဘဲ ချက်ချင်းသွားကာ ပေးစား သင့်ကြောင်း ပြောပြတော့ ပုဏ္ဏေးမကြီးနဲ့ သမီးတော်တို့လဲ အပြေးကလေး လိုက်လာရသည်ပေါ့။ လိုချင်တာ ကြာပြီးကိုး။ ဒါပေမယ့် အလာကောင်းပေမယ့် အခါက နှောင်းသလိုဖြစ်သွားတာရယ်။ သူတို့ရောက်တော့ ဗုဒ္ဓ ဘုရားက ခြေရာသာချခဲ့တာလေ။ ခြေရာကို ပုဏ္ဏေးမကြီး အကဲခတ်ကြည့်တော့ ပုဏ္ဏားကြီးကို အပြစ်တင်ရ ပြီ။ သမီးနဲ့သင့်တော်သူ ပျောက်သွားလို့မဟုတ်။ သမီးနဲ့ လုံးဝမသင့်တော်သူဖြစ်နေလို့။ ဒီခြေရာပိုင်ရှင်ဟာ ကျမတို့ သမီးမျိုးသာမဟုတ် နတ်သမီးတစ်ရာက လာရောက်ဖြားယောင်းတာတောင် မတုန်လှုပ်သူပဲ။ ကိုင်း လိုက်ရှာကြည့်ရအောင်ဆိုပြီး ခြေရာနောက် တကောက်ကောက်လိုက်ကြည့်တော့ ဗုဒ္ဓကိုတွေ့ရပြီ။ ဒါပေမယ့် လက်မလျော့သေးသူက ပုဏ္ဏားကြီး။ သူ့သမီးကို ယူဖို့ပြောမိနေပြန်ရော။ ရွံစရာအတိပြီးတဲ့ အသုဘခန္ဓာကို ဘယ်သူက မက်မောတမ်းပါ့မလဲ။ ငါကတော့ ခြေဖျားနဲ့တောင် မတို့ဘူးလို့ပြောလိုက်တော့ ပုဏ္ဏားလင်မယား ရွံစရာကောင်းတဲ့အဖြစ်ကို ရှုရင်း ကာမရာဂကင်းတဲ့ အနာဂါမ်ထိဖြစ်သွားရောတဲ့။ ဘုရားရှင်က မတောင်းဘဲ တရားလက်ဆောင်ကိုပေးလိုက်တော့ တန်ဖိုးထားတဲ့ ပုဏ္ဏားလင်မယား အသိနဲ့ခံယူလိုက်လို့ အနာဂါမ်ထိ ဖြစ်သွားရပြီလေ။ ဒါပေမယ့် သမီးတော် မာဂဏ္ဍီကတော့ သူကို့ ရွံစရာအသုဘနဲ့ နှိုင်းရမလားဆိုပြီး အာဃာ တထားမိလို့ တရားမရဘဲ မတရားတဲ့စိတ်တွေဖြစ်ပြီး နောင်တချိန် ဘ၀ဇာတ်သိမ်းမလှသူအဖြစ် ကျော်ကြား သူဖြစ်ခဲ့တာလား။

လက်ဆောင်ဆိုတာ လက်ခံသူက တန်ဖိုးထားတဲ့အပေါ်မှာ မူတည်ပြီး တန်ဖိုးတက်သွားရတာပါ။ အရှိကိုသာ တန်ဖိုးထားသူဆိုရင်တော့ ငွေအမောင့်နဲ့ တန်ဖိုးဖြတ်နေဦးမှာဖြစ်သလို မတောင်းဘဲ ပေးတဲ့ အသိလက် ဆောင်ကိုလဲ တန်ဖိုးထားဖို့ မသေချာပါဘူး။ ကံကောင်းထောက်မစွာ သာသနာတော်ကြီးနဲ့လဲ ကြုံတွေ့နေရ ပါပြီ။ ရတနာသုံးပါးကိုလဲ ကိုးကွယ်ခွင့်ရနေပါပြီ။ ဟောပြော ပြသသူတွေလဲ အမြောက်အမြားရှိနေပြီ။ ဒါဟာ မတောင်းဘဲ ရလာတဲ့ လက်ဆောင်တွေပါပဲ။ မတောင်းဘဲ ပေးနေတဲ့ အသိလက်ဆောင်တွေပါပဲ။ အရှိကို သာတန်ဖိုးထားပြီး လောကမှာရှင်သန်နေမယ်ဆိုရင် အသိပေးတဲ့ သာသနာကို တန်ဖိုးထားဦးမှာမဟုတ်သ လို၊ အသိပေးသူများကိုလဲ တန်ဖိုးမထားဘဲ တရားတော်ရဲ့တန်ဖိုးကိုလဲ တန်ဖိုးကြီးတယ်ဆိုတာ သိဦးမှာ မ ဟုတ်ပါဘူး။ လောကမှာရှင်သန်ဖို့ကြိုးစားရင် လောကုတ္တရာနဲ့ဝေးနေဦးမယ်ဆိုတာ သိထားရပါလိမ့်မယ်။ ဘယ်အရာပဲဖြစ်ဖြစ် တစ်ခုလိုရင် တစ်ခုပေးရတာချည်းပါပဲ။

အသက်ရှင်ဖို့ကြိုးစားနေသူတွေ အသက်သေမယ်ဆိုတဲ့အဖြစ်ကိုတွေးမိတဲ့အခါ မတောင်းဘဲ ပေးတဲ့ တရား လက်ဆောင်ကို တန်ဖိုးထားကျင့်သုံးသွားဖို့ပဲလိုတာပါ။ အရှိကိုတန်ဖိုးထားပြီး အသိကိုအရေးမစိုက်သူတွေ အတွက်ကတော့ မတောင်းဘဲပေးတဲ့ တရားလက်ဆောင်ဟာ တန်ဖိုးမဲ့နေဦးမှာဖြစ်ပေမယ့် အသိကိုတန်ဖိုး ထား အရှိကို သုံးစရာအဖြစ်သာ ယူဆသူတွေအတွက်တော့ မတောင်းဘဲ ပေးတဲ့ တရားလက်ဆောင်ဟာ တန်ဖိုးတက်နေမှာပါ။

လက်ဆောင်တန်ဖိုးတက်တာဟာ တန်ဖိုးထားသူတွေကြောင့် ဖြစ်တာမို့ ကိုယ့်ကိုယ်ကိုယ် သိသင့်ပါပြီ။ ငါ ဟာ တန်ဖိုးတက်အောင်ကြိုးစား ရှင်သန်နေသူလား၊ တန်ဖိုးမဲ့အောင် ကြိုးစားရှင်သန်နေသူလားလို့ပါ။

(၀၃.၀၅.၂၀၁၇) ဗုဒ္ဓဟူးနေ့