Sunday, 7 May 2017

နှစ်သစ် ဆုမွန်


လူမျိုးအထွေထွေနဲ့ တည်ဆောက်ထားတဲ့ ကမ္ဘာကြီးမှာ ကိုးကွယ်ရာအမျိုးမျိုး ယုံကြည်ရာအဖုံဖုံရှိပါတယ်။ ကိုး ကွယ်ယုံကြည်မှုတွေ ဘယ်လောက်ပဲ ကွဲပြားနေပါစေ ပြောင်းလဲမှုနဲ့အတူဖြစ်လာတဲ့ အသစ်သစ်များကို စိတ် တူ ကိုယ်တူ လက်ခံတတ်ကြပါတယ်။ ပြောင်းလဲမှု မြောက်မြားစွာထဲမှာ အဟောင်းမှ အသစ်သို့ပြောင်းလဲ တတ်တဲ့ နေ့၊ ရက်၊ လတွေနဲ့ ပေါင်းစပ်ထားတဲ့ နှစ် ကာလဆိုတာလဲပါပါတယ်။ အချိန်ကြာညောင်း ကာလ ပြောင်းသွားတာကိုတော့ နှစ်သစ်ကူးလို့ အဓိပ္ပါယ်ဖွင့်ဆိုကြပါတယ်။

လူမျိုး ဘာသာ အယူဝါဒ ကွဲပြားသွားတာနဲ့အမျှ နှစ်သစ်ကူးကို အဓိပ္ပါယ်အမျိုးမျိုးဖွင့်ဆိုကြမယ်ထင်ပါတယ်။ မတူ ကွဲပြားခြားနားတဲ့အထဲ သက်ရှိသတ္တ၀ါတွေအတွက် မှန်ကန်တဲ့ သစ္စာတရားကို ရှာဖွေခဲ့သူ ဗုဒ္ဓရဲ့ နှစ်၊ သစ် အကြောင်း အဓိပ္ပါယ်ဖွင့်ဆိုပုံလေးက တမူထူးခြား စိတ်ဝင်စားစရာကောင်းပါတယ်။ တကယ်တော့ နှစ် သစ်ဆိုတာ အချိန်တွေနဲ့ပေါင်းစပ်ထားတဲ့အရာတစ်ခု ပြောင်းလဲလာတာကို ခေါ်ဆိုထားတာဖြစ်လို့ သက်ရှိ သတ္တ၀ါအားလုံးနဲ့ သက်ဆိုင်နေတာပဲ မဟုတ်ပါလား။

အမှားလှန် အမှန်သိစေဖို့ ဗုဒ္ဓဆိုတဲ့လူသား လောကမှာ ပွင့်ထွန်းပေါ်ပေါက်လာရပါတယ်။ လောကဆိုမှတော့ သက်ရှိသတ္တ၀ါအားလုံးနဲ့ သက်ဆိုင်နေတာပဲပေါ့။ လူမျိုးခြား အရောင်ကွဲပြားမှုမရှိ၊ သတ္တ၀ါကြီးငယ်မခြား ခံစားတတ်တဲ့ စိတ်နဲ့တည်ဆောက်ထားတဲ့ ခန္ဓာပိုင်ရှင်အားလုံးကို ရည်ရွယ်ပြီး သတ္တ၀ါရယ်လို့ခေါ်ဆိုထား တာဖြစ်တဲ့အတွက် ပြောင်းလဲမှု အနှစ်သာရဟာလဲ ဘုံဆိုင် ဥစ္စာတစ်ခုဖြစ်လာပါတော့တယ်။

ယဉ်ကျေးမှုများစွာနဲ့တည်ဆောက်ထားတဲ့ လူသားတွေကြားမှာ ကွဲပြားတဲ့ ယဉ်ကျေးမှုကို ပိုင်ဆိုင်ထားကြ တာကတော့ မြန်မာလူမျိုးများပါပဲ။ မြန်မာလူမျိုးတွေဟာ သတ္တ၀ါတွေအတွက် ဟောကြားထားတဲ့ တရားများ ကိုကျင့်သုံးပြီး လောကအတွက် ပေးဆပ်ခဲ့တဲ့ ဗုဒ္ဓကို ယုံကြည်သူများဖြစ်ကြပါတယ်။ ဒါကြောင့် ပြောင်းလဲမှု နဲ့ပတ်သက်ပြီး အများနဲ့မတူပဲ သင်္ကန္တ= ပြောင်းလဲခြင်းကို သင်္ကြန်ကျခြင်းရယ်လို့ သတ်မှတ်ပြီး ရေနဲ့ပက်ပြီး နှစ်သစ်ကို ကြိုဆိုလေ့ရှိပါတယ်။ အဓိပ္ပါယ်ကတော့ နှစ်ဟောင်းမှပါလာမယ့် မကောင်းတာတွေကို နှစ်သစ်မှာ မကျန်စေချင်လို့ ရေနဲ့လောင်းပြီး ဆေးကြောသန့်စင်ခဲ့တာပါတဲ့။ ဒါဟာ ဗုဒ္ဓရဲ့ အတွေးကိုအခြေခံပြီး ဖြစ်ပေါ် လာတဲ့ ပြောင်းလဲခြင်း သင်္ကြန်လို့ပြောရင် မှားမယ်မထင်ပါဘူး။

ဗုဒ္ဓက ပြောင်းလဲခြင်းကို အနှစ်သာရအနေနဲ့ယူဆပြီး ဖြေးဖြေးခြင်း တဆင့်စီပြောင်းလဲသွားဖို့ အကျင့်နဲ့ အသိ ကို ပူးတွဲပြီးပြပေးခဲ့ပါတယ်။ အနှစ်ဆိုတာ တန်ဖိုးရှိတဲ့အရာလို့ လောကလူသားတွေ သတ်မှတ်ထားပါတယ်။ အလုပ်ဆိုလဲ အနှစ်သာရရှိတဲ့ အလုပ်ကိုလုပ်ချင်ကြသလို၊ စကားဆိုလဲ အနှစ်ပါတဲ့ စကားကိုကြားချင်ကြပါ တယ်။ အတွေးအခေါ်ဆိုလဲ အနှစ်ပါတဲ့ အတွေးအခေါ်မှ မြင့်မြတ်ပြီး လူသားအတွက် အပ်စပ်တယ်လို့ ယူဆ ကြပါတယ်။ အနှစ်ဆိုတာ ချက်ချင်းရလာတဲ့ မိုးကျရွှေကိုယ်မဟုတ်တဲ့အတွက် တဆင့်ချင်းစုယူမှ ဖြစ်လာတဲ့ သဘာဝတစ်ခုပါ။ အနှစ်ရှိတဲ့ သစ်ပင်ဆိုလဲ ငယ်ရာမှ ကြီးထွားလာတယ်လို့ သာမန်မြင်နိုင်ပေမယ့် အနှစ်မရှိ ရာမှာ အနှစ်ပြည့်ရာသို့ ပြောင်းလဲလာတာပဲမဟုတ်လား။ ဒါကြောင့် အနှစ်ရှိရှိနဲ့ အသစ်အဖြစ်ပြောင်းလဲတည် ရှိနေဖို့ ဗုဒ္ဓက အနှစ်သာရကို သတ္တ၀ါတွေရဲ့ တန်ဖိုးအဖြစ် ဟောကြား အသိပေးခဲ့ပါတယ်။

ဗုဒ္ဓက သတ္တ၀ါတွေရဲ့ အနှစ်သာရကို ကိုယ်၊ နှုတ်၊ စိတ်ထဲက ထုတ်ယူဖို့ အသိပေးခဲ့ပါတယ်။ ကိုယ်ကို ကာ ယကံ လို့အလွယ်တကူခေါ်ကြသလို၊ နှုတ်ကိုကျတော့ ၀စီကံ၊ စိတ်ကိုကျတော့ မနောကံပါတဲ့။ ကံသုံးပါးပိုင် ဆိုင်ပြီး လောကမှာရှင်သန်နေကြတာကတော့ သက်ရှိသတ္တ၀ါတွေပါပဲ။ သက်မဲ့အရာတောင် ကာလကြာရင် အနှစ်ပြည့်နိုင်သေးတာမို့ အသက်ရှင်ပြီး အသိ ရှိကြတဲ့ သတ္တ၀ါတွေမှာလဲ အနှစ်ပြည့်နိုင်တဲ့အခွင့် အရေး ရှိနေတာပါပဲ။ ဗုဒ္ဓနည်းလမ်းကျ ကိုယ်၊ နှုတ်၊ စိတ်ထဲက အနှစ်သာရကို ဘယ်လိုများ ပြောင်းလဲ ထုတ်ယူရမှာ ပါလိမ့်……………..။

သက်ရှိသတ္တ၀ါတွေ သံသရာခရီးလမ်း အလျှောက်လှမ်းတဲ့အခါ ဘ၀မှာ မျက်နှာမငယ်ရစေဖို့အတွက် အနှစ်ပြည့်တဲ့သူတွေဖြစ်ဖို့ နည်းလမ်းများကို ပေးခဲ့ပါတယ်။ သတ္တ၀ါတွေရဲ့ ကံသုံးမျိုးထဲက ကာယကံကိုနေ့စဉ် အ သုံးပြုတဲ့အခါ အနှစ်ကျန်စေဖို့ ကိုယ်၊ ကာယကိုစနစ်တကျ အသုံးပြုဖို့ တိုက်တွန်းခဲ့ပါတယ်။ ကိုယ့်ရဲ့ ကာယကံကနေ အနှစ်ထုတ်လိုသူတွေဟာ
၁။ ဒါန = စားစရာ၊ သောက်စရာကိုပဲဖြစ်ဖြစ်၊ ပေးစရာ၊ ကမ်းစရာကိုပဲ ဖြစ်ဖြစ် နည်းများမဟူ ပေးနိုင်ရမယ် တဲ့။
၂။ ပတ္တိဒါန = ကိုယ်က ပေးနိုင်၊ ကမ်းနိုင်တဲ့အခါ ကောင်းမှုတွေဟာ ကိုယ့်မှာစုပြီး ကောင်းကျိုးတွေရလာ တတ်တာမို့ ကောင်းကျိုးများကို အများနဲ့ထပ်တူ ခံစားနိုင်စေဖို့ အမျှပေး ရှယ်ရာလုပ်နိုင်ရမယ်တဲ့ ပြီးတော့
၃။ ပတ္တာနုမောဒန = လောကကမှာ ကိုယ်မလုပ်နိုင်တဲ့အရာတွေ၊ မပေးနိုင်တဲ့အရာတွေကို လုပ်သူ၊ ပေးသူ များကို မြင်ခဲ့၊ တွေ့ခဲ့၊ ကြားခဲ့ရင် နူးညံ့တဲ့နှလုံးသားနဲ့ ကျေနပ်စွာခံယူလိုက်ပါတဲ့။

မှန်ပါတယ်။ လောကမှာ အသက်ရှင်နေတဲ့ သတ္တ၀ါတွေဟာ စားရေးအတွက်ပဲဖြစ်ဖြစ်၊ ၀တ်ရေးအတွက်ပဲဖြစ် ဖြစ်၊ နေရေးအတွက်ပဲဖြစ်ဖြစ် ကာယ= ကိုယ်ခန္ဓာနဲ့ရှာဖွေရတာပဲ မဟုတ်လား။ ကိုယ်ခန္ဓာပိုင်ဆိုင်ထားတဲ့ သူ တွေဟာ ခန္ဓာအတွက် စား၊၀တ်၊နေရေးအတွက် လှုပ်ရှားရုန်းကန်ရတာ တကယ့်ကိုပင်ပန်းလွန်းပါတယ်။ စာ နာစိတ်ရှိလာသူတွေဟာ ကိုယ်တိုင်ပင်ပန်းရတာကိုကြည့်ပြီး ကျန်တဲ့ သတ္တ၀ါတွေကို မပင်ပန်းစေချင်တဲ့ အ တွက် ကိုယ့်မှာရှိတဲ့ စားစရာ၊ ၀တ်စရာ၊ နေစရာများကို ခွဲဝေပေးကမ်းလေ့ရှိပါတယ်။ ငါပင်ပင်ပန်းပန်းရှာရ တဲ့ ဥစ္စာကို ဘယ်သူ့မှ မပေးနိုင်ဘူးဆိုတဲ့ အတ္တအတွေးရှိသူတွေကတော့ အသက်ရှင်စဉ်မှာ ကိုယ်တိုင်မသုံးရက် သလို၊ သေပြီးတဲ့နောက်မှာတော့ အများက ၀ိုင်းသုံး (သို့) အစိုးရက ပြည်သူပိုင်သိမ်းသွားပါလိမ့်မယ်။ ဒါ ကြောင့် အတ္တကြီးသူတွေဟာ ကိုယ့်ကာယကံ ပင်ပန်းမှုကြောင့် ရလာတဲ့ ပစ္စည်းများကို ခွဲဝေသုံးစွဲတာမျိုး မ လုပ်ဘဲ အနှစ်မဲ့ ဘ၀ကို ဖြတ်သန်းတတ်ကြပါတယ်။ အသိရှိသူများကတော့ အသက်ရှင်စဉ်ကာလမှာ ရှင် သန်ဖို့၊ အရှက်ကာကွယ်ဖို့၊ ဘေးရန်ကာကွယ်ဖို့အတွက်သာ စား၊ ၀တ်၊ နေရေးကို ရှာကြံနေရတာ၊ တကယ် တော့ ဒီ စား၊ ၀တ်၊ နေရေးပြည့်စုံတယ်ဆိုတာလဲ အသက်ရှင်တုန်းလေးမှာသာ သုံးရတာ၊ မျက်စိမှိတ်ပြီး တမ လွန်သွားရပြီဆိုရင် အကုန်ထားခဲ့ရမှာဆိုတာ အသိကိုယူပြီး ကာယကံထဲက ပေးကမ်း၊ ချီးမြင့်မှု ဒါန ဆိုတဲ့ အနှစ်သာရကို ထုတ်ယူသွားတာပါ။ ဟုတ်ပါတယ်။ ပင်ပန်းခဲ့ယဉ်းစွာရှာလို့ရလာတဲ့ ပစ္စည်းတွေဟာ ဒီဘ၀ တစ်သက်စာပဲ သုံးလို့ရပါတယ်။ တစ်သက်စာပဲ သုံးလို့ရတဲ့ ပစ္စည်းကို စေတနာသန့်သန့်နဲ့ ကိုယ်ချင်းစာ တ ရားထားပြီး ပေးကမ်း၊ချီးမြင့်ခဲ့မယ်ဆိုရင် ဘ၀ပေါင်းများစွာ သံသရာအဆုံးထိ သုံးလို့ရပါတယ်။ ဒါဟာ ဒီဘ၀ ကိုအခြေခံပြီး ကာယကံထဲကနေ တဖြေးဖြေး အနှစ်ထုတ်ယူသွားတဲ့ သဘောပါ။ ဒီလိုမျိုး ပေးကမ်း လှူဒါန်း တာကို ဒါနလို့ခေါ်ပါတယ်။

ပေးကမ်း၊ ချီးမြင့်၊ လှူဒါန်းလိုက်ရတဲ့အတွက် စိတ်ကျေနပ်မှုတွေဖြစ်ပြီး ကောင်းကျိုးတွေကို ခံစားရပါတယ်။ ဒါကိုတော့ ပတ္တိဒါနလို့ခေါ်တာပေါ့။ ဘာဖြစ်လို့ ပတ္တိဒါနလုပ်ရသလဲဆိုရင် အများနဲ့ တန်းတူဖြစ်ရေးကို ရှေးရှု လို့ပဲလို့ ပြောရမှာပါ။ မှန်ပါတယ်။ ပတ္တိဒါနဆိုတာ တန်းတူဖြစ်ရေးကို ဦးတည်တာပါ။ အိမ်ခြေ (၁၀၀) ရှိတဲ့ ရွာ ကြီးမှာ ကိုယ်တစ်ယောက်ထဲ ချမ်းသာပြီး (၉၉) အိမ်က ဆင်းရဲနေရင် ဒါဟာ ကောင်းတဲ့လက္ခဏာတစ်ခု မ ဟုတ်ဘူးဆိုတာ သိကြမှာပါ။ မပေး၊ မကမ်း၊ မျှဝေခံစားတာ မရှိဘဲ ဒီရွာမှာ ငါအချမ်းသာဆုံးလို့ အတ္တကြီးလို့မော်ကြွားနေမယ်ဆိုရင် တစ်နေ့ မဖိတ်ခေါ်တဲ့ ရန်သူတွေ ကိုယ့်အိမ်ပေါ်တက်လာပါလိမ့်မယ်။ အဲဒီအချိန်ကျမှ အသက်ကိုတော့ ချမ်းသာပေးပါ၊ ပစ္စည်းကိုပဲ ယူပါလို့ပြောလို့မရတော့ပါဘူး။ ယူသူများက အ သက်ရော ပစ္စည်းပါ ယူသွားကြပါလိမ့်မယ်။ ဒီလိုအဖြစ်မျိုး မကြုံရလေအောင် ကိုယ်အဆင်ပြေလေ အများနဲ့ မျှဝေ သုံးစွဲဖို့လိုအပ်လေပါပဲ။ ဒါဟာ အများရဲ့ အသက်ကိုလဲ ကာကွယ်ပေးထားသလို ကိုယ့်အသက်အတွက် လဲ ကာကွယ်ပြီးသားဖြစ်ပါတယ်။ ကိုယ့်တစ်ယောက်ကို ကျန်တဲ့ (၉၉) ယောက်က ကာကွယ်မှတော့ ဘေး ရန်ဆိုတာ ကင်းပြီးသားပါ။ ဒါကြောင့် ရရှိလာတဲ့ ဒါနရဲ့အကျိုးကို အများနဲ့ မျှဝေသုံးစွဲဖို့ ပတ္တိဒါနကို လုပ်ရ တာပါ။

ပတ္တာနုမောဒန ကျတော့ စိတ်ထားသန့်ရှင်းမှု၊ အများနဲ့ပတ်သက်ရင် ကျေနပ်တတ်မှုကို ပုံဖေါ်ပေးပါတယ်။ အ များတကာ ကောင်းတာလုပ်နေတာ၊ ကောင်းကျိုးကြောင့် ရာထူးတက်၊ စည်းစိမ်တိုးတာ၊ ကောင်းမှုလုပ်နေ တာတွေ့ရင် မနာလိုကင်း ၀န်တိုရှင်းပြီး စိတ်ကျေနပ်စွာနဲ့ အသိအမှတ်ပြုလိုက်တာပါပဲ။ ငါမလုပ်နိုင်တာတွေ ကို သူတို့လုပ်နေကြတယ်၊ ငါလုပ်နိုင်တာနဲ့ ထပ်တူလုပ်ကြပေတယ်ရယ်လို့ စိတ်ကောင်းမွေးပြီး ကြည်နူးနေ ဖို့ပါ။ ဒီလို စိတ်ထားမျိုးရှိသူတွေက ကြီးပွားသူများက မျက်ကွယ်မပြုပါဘူး။ လိုအပ်ရင် ကူညီဖို့အဆင့်သင့် ဖြစ်နေတတ်ပါတယ်။ ကိုယ့်စိတ်က တကယ့်ဖြူစင်ခဲ့တာကိုး။ ကိုယ်လိုအပ်တဲ့အချိန်မှာ ကူသူမဲ့တဲ့အဖြစ်ကို ကြုံရတာ၊ ခက်ခဲမှုတွေကို ရင်ဆိုင်ရတာဟာ ပတ္တာနုမောဒန ခေါ်တဲ့ စိတ်ကောင်းမွေးပြီး၊ အကောင်းမမြင်ခဲ့ ကြလို့ပါပဲ။ သူများအကောင်းလုပ်နေတာကို လုပ်နိုင်မှာပေါ့ သူက အာဏာရှင်ကိုး၊ လှူနိုင်မှာပေါ့ သူက သူဋ္ဌေးကို လို့ အငေါ်တော့တော့ ဖြစ်ခဲ့သူတွေဟာ ဘ၀မှာ အဆင်မပြေမှုတွေ၊ အကောင်းအမြင်မခံရတာမျိုး
တွေ၊ ကိုယ့် အကောင်းဘယ်လောက်လုပ်လုပ် အကောင်းအပြောမခံရတာတွေ ကြုံရပါတယ်။ တခါတလေ ဘာမှ မလုပ်တဲ့သူတွေက ရာထူးတိုးပြီး ကြိုးစားတဲ့ ကိုယ်က ကျန်ခဲ့တာမျိုးလဲ ကြုံတတ်ပါတယ်။ ဒါဟာ စိတ် ကောင်းမရှိခဲ့မှု သူများ ကောင်းမှုလုပ်တာကို လက်မခံမှုကြောင့် ရလာတဲ့ ရလာဒ်ပါပဲ။ တမ်းတတိုင်းရ၊ လုပ် တန်ုးအဆင်ပြေစေချင်လို့ ပတ္တာနုမောဒကို လုပ်ခိုင်းရတာပေါ။ ဒါက ကာယကံထဲက အနှစ်ထုတ်တာမျိုးပါ။

ဝစီကံထဲက အနှစ်ထုတ်ဖို့ဆိုရင်
၁။ သီလ = ရှောင်ကြဉ်ရမယ့် ငါးပါး၊ ရှစ်ပါး၊ ဆယ်ပါးနဲ့ ကိုရင်၊ ဦးဇင်းများရဲ့ သီလများပါပဲ။
၂။ အပစာယန = သက်ရှိ သက်မဲ့များကို လေးစားတတ်ဖို့ (ဆောင်သီလ) နဲ့
၃။ ဝေယျာဝစ္စ = ပူပေါင်းပါဝင် လုပ်ကိုင်ပေးတတ်ဖို့ဆိုပြီး သုံးမျိုးရှိပါတယ်။
သီလရဲ့ အနှစ်က သုံးမျိုးရှိတာဖြစ်တဲ့အတွက် တစ်ခုတည်းလုပ်နေလို့မရပါဘူး။ သုံးခုပေါင်းမှ တစ်ခု ဖြစ်တာ ကြောင့်ပါ။ များသောအားဖြင့် ရှောင်သီလကို အားသွန်ခွန်စိုက်ဆောက်တည်တတ်ကြပါတယ်။ ဒါဟာ လဲ အခြေခံအားဖြင့် လိုအပ်လို့ပါ။ ရှောင်သီလကို ရှောင်တဲ့သူတစ်ယောက်အတွက် ၁။ အသက်ရှည်မယ် ၂။ ဥစ္စာပြည့်စုံ ၃။ ချစ်သူ ခင်သူနဲ့ မခွဲမခွါနေရမယ် ၄။ လိမ်ညာသူနဲ့မတွေ့ရဘူး ၅။ အမှားအမှန်ခွဲခြားနိုင်ပါတယ်။ ဒါဟာ တစ်ဦးတစ်ယောက်အတွက် မရှိမဖြစ်လိုအပ်ချက်တွေပါ။ သတ္တ၀ါရယ်လို့ဖြစ်လာပြီး ဒီအချက်တွေကို သဘောကျမှာအမှန်ပါပဲ။ အသက်ရှင်နေတဲ့ သတ္တ၀ါတွေ အသက်တိုချင်တယ်ဆိုတာ ထုံးစံမှမရှိတာ။ ရှည်နိုင် သမျှ ရှည်ချင်ကြတာပဲလေ။ ဒါကြောင့် ၀စီကံနဲ့ ကာယကံ ပူးပေါင်းထားတဲ့ သီလကို ၀စီကံရဲ့ အနှစ်သာရ အ ဖြစ်ထုတ်ယူဖို့ အသိပေးခဲ့တာပါ။

ဒါပေမယ့် ရှောင်သီလရှိရုံနဲ့ ဘ၀ကို တင့်တယ် သာယာပြီလို့တော့ မထင်လိုက်ပါနဲ့။ သက်ရှိသတ္တ၀ါတွေဆို တာ တစ်ယောက်တည်း၊ တစ်ကောင်တည်းနေတတ်တာမဟုတ်ပါဘူး။ အနည်းဆုံး မိသားစုနဲ့နေကြရတာ မ ဟုတ်လား။ ဒါဆို မိသားစုထဲက ဘယ်သူဖြစ်ဖြစ် ကိုယ့်ကိုတော့ လေးစားစေချင်မှာပါပဲ။ အလုပ်ထဲဆိုလဲ အ လုပ်ထဲအလိုက် အလေးပေးခံချင်တာ၊ လေးစားမှုကို ခံယူချင်တာ မွေးရာပါ စိတ်တစ်ခုပဲမို့လား။ ဒါပေမယ့် ကိုယ်တိုင်က အပစာယန = လေးစားရမယ်ဆိုတဲ့ ဆောင်သီလ မရှိခဲ့ဘူးဆိုရင်တော့ ကိုယ့်ကိုလေးစားမဲ့သူ ရှိမှာမဟုတ်ပါဘူး။ အယုတ်ဆုံး ကိုယ့်လက်အောက်ငယ်သားတောင်မှ ကိုယ့်ကို မလေးတော့ဘူး။ ကြောက် တာနဲ့ လေးစားတာကိုတော့ နားလည်ထားရပါလိမ့်မယ်။ လခအဖြတ်ခံရမှာကိုကြောက်လို့၊ အလုပ်ပြုတ်မှာ ကို ကြောက်လို့ လေးစားချင်ယောင်ဆောင်နေတာဟာ လေးစားလို့မဟုတ်ဘူး ကြောက်လို့ဆိုတာ နားလည် ထားသင့်ပါတယ်။ ဒါကြောင့် သက်ရှိသတ္တ၀ါတွေ ကိုယ့်ကိုယ်လေးစားစေချင်ရင် ကိုယ်ကိုယ်တိုင်လေးစား တတ်ဖို့ လိုအပ်ပါတယ်။ ပြီးတော့ သက်မဲ့အရာတွေကို တန်ဖိုးထားတတ်တာဟာလဲ အပစာယန (ဆောင်သီ လ) ပါပဲ။ ပတ်ဝန်းကျင် သန့်ရှင်းနေအောင် အမှိုက်မပြစ်တာ၊ ကွမ်းစားတတ်သူဖြစ်တယ်ဆိုရင် ကွမ်းတံထွေး ကို စည်းနဲ့ကမ်းနဲ့ထွေးတာ၊ ကျောင်းသားတွေဆိုရင်လဲ အမှိုက်ကိုတွေ့ကရာမပြစ်တာ၊ ကျောင်းတို့ စာသင်ခုံ တို့မှာ စည်းမဲကမ်းမဲ့ စာရေးတာမျိုးမလုပ်တာဟာ သက်မဲ့ကိုတန်ဖိုးထားတာပါပဲ။ သန့်ရှင်းတဲ့အိမ်၊ သန့်ရှင်း တဲ့နိုင်ငံတစ်ခုဖြစ်လာတာဟာ ဒီမိုကရေစီရလာလို့မဟုတ်ပါဘူး။ အပစာယန = သက်မဲ့ကိုတန်ဖိုးထားတတ် တဲ့ ဆောင်သီလကြောင့်ပါ။ ဒါဟာ သက်ရှိသတ္တ၀ါတွေ၊ သက်မဲ့အရာတွေ တန်ဖိုးရှိနေအောင် ကိုယ့်ကိုယ် ကို အနှစ်သာရရှိရှိနေတတ်အောင် သင်ကြာပေးခဲ့တာပါပဲ။

သက်ရှိတွေကို လေးစားတတ်ရုံနဲ့ လူကောင်း၊ လူတော်တစ်ယောက် မဖြစ်နိုင်သေးပါဘူး။ သီလထဲက အနှစ် ထုတ်စရာတစ်ခုကျန်နေပါသေးတယ်။ ဒါကတော့ ဝေယျာဝစ္စ = ပူပေါင်းပါဝင်လုပ်ကိုင်ပေးနိုင်မှုပါ။ ဒါကို Team Work လို့လဲခေါ်ပါတယ်။ ကျောင်းသင်္ခန်းစာတစ်ခုကို ပူးပေါင်းကာ အဖြေရှာဖို့ ဆရာကပေးလိုက်တဲ့ အခါ တာဝန်ယူဖြေရှင်းရသလို အဖွဲ့အစည်း၊ လူ့အသိုင်းအ၀ိုင်းနဲ့နေတဲ့ သတ္တ၀ါ၊ လူသားတွေဟာ အဖွဲ့အစည်းရဲ့ လိုအပ်ချက်ကို ပူးပေါင်း ပါဝင်ဖြေရှင်းပေးရပါတယ်။ ဘုရားရောက်၊ ကျောင်းရောက်တဲ့အခါ မှ တံမြက်စည်းလှည်း၊ ကြမ်းတိုက်၊ ပန်းကန်ဆေးတာကိုပဲ ဝေယျာဝစ္စခေါ်တာမဟုတ်ပါဘူး။ ပတ်ဝန်းကျင်မှာ အမှိုက်ရှုပ်နေရင် ရှင်းပေးခဲ့ဖို့ အသိမဲ့သူ ပြစ်ခဲ့တဲ့အမှိုက်များကိုလဲ အပြစ်ပြောမနေဘဲ ကိုယ်တိုင်ပါဝင် ကူ ကောက်ပေးလိုက်ဖို့ပါ။ ဘယ်သူတွေက စည်းကမ်းမဲ့ပြစ်ခဲ့တာလဲ နိုင်ငံကြီးသား မပီသလိုက်တာ စတဲ့စကား တွေနဲ့ မြည်တွန်တောက်တီးပြီး ဖြတ်သွားတာကို ပူပေါင်းပါဝင်တယ်လို့မခေါ်ပါဘူး။ အပြစ်ပြောမနေဘဲနဲ့ သား သမီး ရှုပ်ထားတဲ့အမှိုက်ကို မိဘကရှင်း၊ ပြည်သူ ရှုပ်ထားတာတွေကို အစိုးရကရှင်း၊ ကျောင်းသား ဖွ ထားတာတွေကို ဆရာကရှင်းပေးခဲ့မယ်ဆိုရင် သားသမီး၊ ပြည်သူ၊ ကျောင်းသားများဟာ မိဘ၊ အစိုးရ၊ ဆရာ တွေကို လေးစားပြီး သူတို့ကိုယ်တိုင်ပြောင်းလဲသွားမှာပါ။ ဒါဟာ တကယ့်ပြောင်းလဲမှုတစ်ခုကို သီလကနေ အနှစ်ထုတ်ယူလိုက်တာပါပဲ။

ပြီးတော့ ရှုပ်တတ်တဲ့စိတ်ထဲက ရှင်းအောင်လုပ်ရင်း အနှစ်ထုတ်ယူရမှာက
၁။ ဘာဝနာ ( သမထ= စိတ်ကို ငြိမ်အောင်ကြိုးစားခြင်းနဲ့ ၀ိပဿနာ ရုပ်နဲ့နာမ်တို့သဘာဝကိုသိအောင် ကြိုးစားခြင်း)
၂။ ဓမ္မဿဝန = စိတ်တည်ငြိမ်စေမယ့်၊ အမှန်ပေးမယ့်တရားများကို နာကြားခြင်း
၃။ ဓမ္မဒေသနာ = တရားနာ၊ တရားကျင့်လို့ ကိုယ့်ရဲ့စိတ်တွေတည်ငြိမ်လာ၊ အေးချမ်းလာတဲ့အခါ ကိုယ့်လို တည်ငြိမ်အောင်၊ အေးချမ်းအောင် နည်းပေးလမ်းပြလုပ်ခြင်းနဲ့
၎။ ဒိဋ္ဌိဇုကမ္မ = လုပ်သင့်တာကို လုပ်ရမယ်လို့ မှန်ကန်စွာတွေးပြီး မလုပ်သင့်တာကို မလုပ်ခြင်းတို့ပဲဖြစ်ပါ တယ်။

မနောကံခေါ်တဲ့ စိတ်ထဲက အနှစ်သာရထုတ်နည်းဟာ လေးမျိုးတောင်ရှိပါတယ်။ ဒါဟာ လွတ်လပ်တဲ့ဘ၀ လွတ်မြောက်တဲ့ဘ၀ကို ဖန်တီးဖို့ ခြေလှမ်းအသစ်တွေပါပဲ။ သမထ၊ ၀ိပဿနာဆိုတာ မြန်မာတွေအတွက် မ စိမ်းတဲ့ စကားလုံးတွေဖြစ်သလို ရင်းနှီးပြီးသားအကျင့်တွေဖြစ်ပါတယ်။ သမထဆိုတာ ပညတ်ကို ရှုမှတ်ရင်းမြဲ တာကို ရှာဖွေကာ စိတ်ကို တည်ငြိမ်အောင်အားထုတ်ခြင်းပဲဖြစ်ပါတယ်။ ၀ိပဿနာကျတော့ ပရမတ်ကို ရှုမှတ်ရင်း မမြဲတာကိုရှာဖွေကာ ရုပ်နဲ့ နာမ်ကို နားလည်အောင်ကြိုးစားတာပါပဲ။ စိတ်တည်ငြိမ်သမာဓိရရင် လွတ်လပ်ပြီး မမြဲတာကိုရှုပြီး ရုပ်နာမ်ကိုနားလည်ရင် လွတ်မြောက်ပါတယ်။

ဒီလိုမျိုး လွတ်လပ်ဖို့၊ လွတ်မြောက်ဖို့ဆိုရင် လွတ်လပ်ကြောင်း လွတ်မြောက်ကြောင်း တရားစကားများကို များများနားထောင်ဖို့လိုအပ်ပါတယ်။ ခေတ်မီလာတဲ့ ကာလမှာ နားကြပ်တပ်ပြီး သီချင်းနဲ့ သီတင်းနားထောင် နေမယ့်အစား ကိုယ့်ရဲ့ စိတ်နဲ့ ဘ၀ကို လွတ်လပ်စေ၊ လွတ်မြောက်စေမယ့် တရားစကားကိုနားထောင်နေဖို့ လိုအပ်ပါတယ်။ ဘ၀ကိုရလို့ လောကမှာနေထိုင်တဲ့အခါ စိုးရိမ်မှု၊ ကြောက်ရွံ့မှုမရှိဘဲ ဘယ်လိုနေထိုင်မလဲ ဆိုတဲ့ အသိကိုပေးမှာက တရားစကားများပဲဖြစ်ပါတယ်။ လွတ်လပ်မှုဆုံးရှုံးနေလား။ တရားသာနာလိုက်ပါ။ လွတ်မြောက်မှုကို တမ်းတနေလား။ တရားသာနာလိုက်ပါ။ မှန်ကန်တဲ့နည်းလမ်းများကို ပြပေးသွားပါလိမ့် မယ်။

သတ္တ၀ါဆိုတာ ကိုယ်လွတ်လပ်တာကို အသိပေးချင်ကြသလို၊ လွတ်မြောက်ကြောင်းနည်းလမ်းများကိုလဲ မျှဝေချင်တတ်တာလား။ ဒါကြောင့် မှန်ကန်စွာသိလာတဲ့ အသိများကို အများသူငါ ကျင့်သုံးနိုင်စေဖို့ လက်ဆင့်ကမ်း ပြောပြ မျှဝေရမှာပါဖြစ်ပါတယ်။ ဒါကိုတော့ ဓမ္မဒေသနာခေါ်လေရဲ့။

ကံကိုယုံတဲ့သူတွေတောင် ကောင်းကံကိုလုပ်နေတယ်ဆိုတဲ့အတွေးနဲ့ မကောင်းမှုရောနေတဲ့ အလုပ်တွေကို မသိဘဲလုပ်မိနေတတ်ကြပါတယ်။ ဒါဟာ အယူဖြောင့်မတ်မှန်ကန်သူရဲ့ လုပ်ရပ်လို့ပြောလို့မရပါဘူး။ တရား ထိုင်နေသူပဲဖြစ်ပါစေဦး ကာယကံ၊၀စီကံကို အသုံးချတဲ့အခါ အတိအကျမသိလို့ အမှားလုပ်မိတတ်တာမျိုးလဲ ရှိတာလား။ ဥပမာဆိုပါစို့။ နှစ်သစ်ကူးကာလပဲဖြစ်ဖြစ်၊ မွေးနေ့ရောက်လို့ပဲဖြစ်ဖြစ်၊ ကြုံလို့ပဲဖြစ်ဖြစ် ရွှေတိဂုံ ဘုရား ရောက်တဲ့အခါ ဘုရားကို ရေလောင်းတာမျိုးပေါ့။ နှစ်သစ်ကိုရောက်ပြီဆိုရင်တော့ လောင်းသူတွေက ပိုများပေါ့။ မြင်ခဲ့ရတာနဲ့ ကြုံခဲ့ရတာကို ပြောမယ်ဆိုရင် ဒီလိုလုပ်နေတာတွေဟာ အသိနဲ့ညှိလိုက်တဲ့အခါ လွဲ နေတာကို တွေ့ရပါတယ်။ ကြုံလို့ လူတစ်ယောက်၊ နှစ်ယောက်လောက်ကို မေးကြည့်ဖူးပါတယ်။ ဘာကြောင့် ဘုရားကို ရေးလောင်းတာလဲလို့ပေါ့။ အဖြေက ကုသိုလ်ရချင်လို့၊ အေးချမ်းချင်လို့တဲ့။ ကုသိုလ်ရဖို့အတွက်၊ အေးချမ်းဖို့အတွက် နေပူမှာထိုင်နေတဲ့ ဘုရားခေါင်းပေါ်ကနေ ရေလောင်းသင့်ရဲ့လားဆိုတာ စဉ်းစားရမှာပါ။ ဘုရားဆိုတာ ဘာသာမှာ အထွတ်အမြတ်ကိုးကွယ်ရာပါ။ ဘယ်ဘာသာမှာမှ သူတို့ အထွတ်အမြတ်ထားရာ၊ ကိုးကွယ်ရတဲ့သူများကို ကုသိုလ်ရချင်လို့၊ အေးချမ်းချင်လို့ဆိုတဲ့ အတွေးနဲ့ ထိခိုက်တာမျိုး ၊ စော်ကားသလို ဖြစ်တဲ့ အပြုအမူမျိုးကို မလုပ်ကြပါဘူး။ သူတို့ ကိုးကွယ်နေတဲ့ ဘုရားကို သူတို့ကိုယ်တိုင် မလေးစားခဲ့ရင် ဘာ သာခြား၊ အသိမတူသူများက ဘယ်လေးစားကြပါ့မလဲ။ အမှန်အတိုင်းဝန်ခံရရင် ဘာသာခြားလို့ နာမည်ခံ ထားသူတွေဟာ သူတို့ဘုရားကို လက်နဲ့ထိတာမတွေ့ဖူးသလို ခေါင်းပေါ်ကရေလောင်းတာကိုလဲ မမြင်ဖူးပါ ဘူး။ ဒါပေမယ့် ရွှေတိဂုံဘုရားပေါ်မှာ ဘုရားရိုသေသူတွေ၊ တရားယုံကြည်သူတွေဟာ ဘုရားခေါင်းပေါ်ကနေ ရေလောင်းနေကြတုန်းပါပဲ။ ကုသိုလ် ကောင်းမှုဆိုတာ လေးစားမှု ဆောင်သီလနဲ့တွဲနေပါတယ်။ ဒါကို အပ စာယန ဆောင်သီလကို ကြည့်ရင် သိသာပါတယ်။ သာမန်ပုဂ္ဂိုလ်တစ်ယောာက်ကိုတောင် လေးစားဖို့လိုအပ် တယ်ဆိုရင် ကိုးကွယ်ရာဖြစ်တဲ့ ဘုရားကို ပိုလေးစားရမှာပေါ့။ အားလုံး လုပ်နေကြတယ်လို့ မဆိုလိုပေမယ့် လုပ်နေသူအားလုံးကတော့ ၁။ အယူမှန်ကန်မှုမရှိဘူး ၂။ လေးစားမှု (ဆောင်သီလ) နည်းတယ်ဆိုတာကို တော့ တွေ့ရပါတယ်။ ဒါဟာ ဒိဋ္ဌိဇုကမ္မ အယူဖြောင့်မတ်မှန်ကန်မှု အနှစ်သာရကို စိတ်ထဲက မထုတ်တတ် ကြလို့ပါပဲ။

ဒါ့တင်ပဲလားဆိုတော့ မဟုတ်သေးဘူးလို့ပြောရမယ်ထင်ပါတယ်။ ကံကိုယုံလို့ လွတ်မြောက်ရာကို ရှာဖွေ ကျင့်ကြံနေပါတယ်ဆိုတဲ့ လူတွေ မှားတဲ့အဖြစ်က ရှိနေပါသေးတယ်။ ဗုဒ္ဓကတော့ ကံဟာ ကိုယ်ပိုင်ဥစ္စာဖြစ် တဲ့အတွက် ကောင်းကံကို အသိပါတဲ့ ကောင်းစိတ်နဲ့ လုပ်ရမယ်လို့ ညွှန်ကြား အသိပေးခဲ့ပေမယ့် မြန်မာတွေ ရဲ့ အိမ်မှာတော့ ဘုရားနဲ့စဉ်ပြိုင် ဘိုးတော်၊ နတ်စတဲ့ အရာတွေကို ကိုးကွယ်ဆည်းကပ်နေတုန်းပါပဲ။ ဘိုး တော်က ပေးလို့၊ နတ်ကမလို့ စတဲ့အတွေးများဟာ ကံကို ယုံတယ်ဆိုတဲ့ စကားကို ပျက်ရယ်ပြုနေသလိုပါပဲ။ နတ်တို့ဆိုတာ လူက အမျှပေးရတယ်လို့ စာပေမှာဖတ်မှတ်ခဲ့ဖူးပါတယ်။ အမျှပေးသူလူကိုသာ နတ်တွေက ကိုးကွယ်တဲ့အဖြစ်တွေရှိခဲ့ပါတယ်။ အခုက ဘာဆိုဘာမှ လုပ်မပေးနိုင်တဲ့ နတ်တွေ (သူတို့အထင်) ကို အိမ် ပေါ်တင် ပင့်ထားပေမယ့် နေရာတစ်ခုဆုံးရှုံး အလုပ်တစ်ခုပိုရုံကလွဲပြီး ဘာမှမဖြစ်စေခဲ့။ ဒါက အိမ်မှာရှိတာ။ ကုသိုလ်လုပ်ဖို့ ရွှေတိဂုံဘုရားသွားကြပါသတဲ့။ စောင်းတန်းကတက်လိုက်တာနဲ့ ဗေဒင်၊ ယတြာ၊ ဓာတ်နန်း၊ နတ်နန်းက လူကိုဆွဲဆောင်လျှက်။ အစကတည်းက အသိကခပ်ယိုင်ယိုင် အကြောက်တရားနဲ့ ရှင်သန်နေတာ ဒီလိုမျိုး ခြောက်လုံး၊ မြှောက်လုံးလေးတွေတွေ့တော့ သဘောတွေ့ မနောခွေ့ပြီပေါ့။ တကယ်တော့ ဓာတ်၊ နတ်၊ ယတြာ၊ ဗေဒင်ဆိုတာ ဗုဒ္ဓ၀ါဒက လာတာမဟုတ်ပါဘူး။ ဗြဟ္မဏ၀ါဒကလာတဲ့ တန္တရ၊ မန္တရတွေပါ။ အသိကို ပူးသတ်ဖို့အတွက် ဘုရားခြေရင်းကို ရောက်လာကြတယ်လို့ မသိကြတဲ့ စိတ်ထဲက အနှစ်သာရ မ ထုတ်ထားသူတွေကတော့ ဘုရားပေါ်မရောက်ခင် ခြေရင်းမှာတင်ပဲ အသိတွေ ပြိုလဲကုန်ပါတယ်။ သား အ တွက်၊ သမီးအတွက်၊ ရာထူးအတွက်၊ စည်းစိမ်အတွက်ဆိုပြီး လိုချင်မှုလောဘ၊ ပူမှုသောကတွေကို ဖျောက် ဖို့ ဘုရားလာသူတွေ လောဘ၊ သောကများနဲ့ ဘုရားခြေရင်းမှာ လုံးပမ်းနေကြပါရောလား။ အမှားကြာရင် အမှန်ဖြစ်တတ်တာမို့ ဘုရားရှင်က စိတ်ထဲက အနှစ်သာရထုတ်ဖို့ လမ်းညွှန်ခဲ့တာပေါ့။

သတ္တ၀ါတွေဟာ အနှစ်ကို သဘောကျသလို အသစ်ကိုလဲ တမ်းတကြပါတယ်။ တကယ်တော့ သတ္တ၀ါရဲ့ အနှစ်သာရဆိုတာ ကာယကံ၊ ၀စီကံ၊ မနောကံဆိုတဲ့ ကံသုံးပါးထဲက မှန်ကန်တဲ့အသိနဲ့လုပ်တဲ့ ဒါန၊ အများ အတွက် ရှောင်ရမယ် ဆောင်ရမယ်ဆိုတဲ့ သီလ၊ လွတ်လပ်မှု လွတ်မြောက်မှုကို ပေးနိုင်တဲ့ ဘာဝနာများပါပဲ။ ဒါန၊ သီလ၊ ဘာဝနာ အဟောင်းများနဲ့ ဘ၀ဖြတ်သန်းဖို့ မဖြစ်နိုင်တာမို့ အသစ် အသစ် များကို ထပ်တိုး ထပ် တိုးလုပ်ရင်း အနှစ်တည်အောင်ကြိုးစားသွားရမှာ။ တကယ်တော့ ဗုဒ္ဓ၀ါဒကပေးတဲ့ နှစ် ( အနှစ်) ဆိုတာ ဒါန၊ သီလ၊ ဘာဝနာများပါပဲ။ သစ် ( အသစ်) ဆိုတာ ထပ်ခါတလဲလဲ ကြိုးစား အားထုတ်နေတာကိုပဲပြောတာပါ။ သတ္တ၀ါတွေဆိုတာ အမှားမကင်းတတ်ကြပါဘူး။ ဒါကြောင့် တစ်ယောက်နဲ့ တစ်ယောက်နားလည်ပေးဖို့လို အပ်ပါတယ်။ အပြစ်ပြောနေလို့ တိုးတက်လာတာမရှိနိုင်တာမို့ အဖြစ်ကိုပြောပြပြီး ပြုပြင် ပြောင်းလဲနိုင်အောင် သာ လမ်းပြပေးသွားရမှာပါ။ အမှားလှန် အမှန်သိနိုင်တာ လူသားတွေပဲမို့ အမှားပြင်ပြီး အမှန်မြင်သွားမယ် ဆိုရင် နှစ်သစ်မှာ အနှစ်တွေ အသစ်အနေနဲ့ တည်ရှိနေမှာပါ။ အနှစ်ရှိတဲ့လူသား အသစ်ဖြည့်ပြီးတော့ လွတ် မြောက်ရာကိုရှာဖွေနိုင်သူ ဖြစ်မှာအမှန်ပါပဲ။

မြန်မာပြည်သူ ပြည်သားများနဲ့အတူ သက်ရှိသတ္တ၀ါအားလုံး (၁၃၇၉) နှစ်သစ်မှာ ဒါန၊ သီလ၊ ဘာဝနာဆိုတဲ့ နှစ် (အနှစ်) တွေကို အမြဲသစ်နေအောင် ကြိုးစား ထုတ်ယူနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါရဲ့။

(၁၇.၀၄.၂၀၁၇) တနင်္လာနေ့