Sunday, 7 May 2017

အသက်နဲ့ဆက်ခဲ့တဲ့ သာသနာ (သို့) သာသနာကို အသက်ပေးဆက်ခဲ့သူ (အပိုင်း ၄ နိဂုံး)


အနော်ရထာမင်းစောရဲ့ ဆုံးဖြတ်ချက်၊ လျှောက်တင်ချက်က ပြတ်သားလွန်းပေစွ။ အရှင်မြတ်ဘုရား……အခု အချိန်ကစပြီး တပည်တော်နဲ့အတူ နိုင်ငံနေပြည်သူများဟာ ဂေါတမဗုဒ္ဓရဲ့အဆုံးအမမှာ တည်ပါတော့မယ် ဘု ရား၊ ဗုဒ္ဓဘုရားရဲ့ တရားတော်များကိုသာ ကျင့်ဆောင်ပါတော့မယ်ဘုရား။ ဗုဒ္ဓဘုရားရဲ့ လမ်းညွှန်အတိုင်း ကျင့်ကြံကြိုးကုတ် အားထုတ်ပါတော့မယ်ဘုရား လို့ လျှောက်တင်နေပြီ။ ရှင်အရဟံ မထေရ်မြတ်လဲ လာရ ခြင်းအကြောင်းရင်းကို ရှင်းလင်းရသည်ပေါ့။ မင်းကြီး… ငါ သီတင်းသုံးရာ သထုံပြည်မှာ ဗုဒ္ဓသာသနာထွန်း ကားနေတာကြာပြီ။ ငါ့ဆရာ အရှင်သီလဗုဒ္ဓိက သာသနာကွယ်ပနေတဲ့ ပုဂံနေပြည်တော်မှာ သာသနာပြုဖို့ ငါ့ ကို စေလွှတ်လိုက်လေရဲ့၊ ငါ့ရည်မှန်းချက်များ၊ ဆရာ့ရည်မှန်းချက်များပြည်ပြီး ကောင်းလေစွရယ်လို့ ညင်သာ စွာပြန်လည်မိန့်ကြားပြီ။ အို၊ နာ၊ သေကင်းမဲ့ တရားတော်ကို စားသုံးခွင့်ရတော့မှာမို့ သောမနဿပီတိ ဂွမ်းဆီ ထိနေသည်က ဘုရင်အနော်ရထာ။ ရှင်အရဟံ မထေရ်မြတ်အတွက် ညောင်ဦးအနောက်ဖက်မှာ အရည၀ါ သီ ဇေတ၀န်ရွှေကျောင်း အမည်နဲ့ ကျောင်းဆောင်သစ်တည်ဆောက်ကာ လှူဒါန်းခဲ့သည်။ မထေရ်မြတ်ရဲ့ ပစ္စည်းလေးပါးတကာအဖြစ် မင်းကြီးခံယူလိုက်သလို၊ ၀န်ကြီး၊ မှူးကြီး၊ စစ်သူကြီးမှအစ အရာရှိ အရာငယ် အားလုံး ကိုးကွယ်ကြပြီပေါ့။ ပုဂံနေပြည်တော်ရဲ့ သာသနာအစဟာ ထွန်းတောက်လို့ ၀င်းပခဲ့ပါပြီ။

ငါ သူတစ်ပါး ယောင်္ကျား မိန်းမ မရှိ လွတ်မြောက်မှုလမ်းစဉ်ကိုသာ ကြည့်တဲ့ ဗုဒ္ဓတရားတော်တွေက ပုဂံဒေ သကို မသိမသာနဲ့ လွမ်းခြုံလို့ ၀ါးမျိုမိပြီ။ အလင်းရောက်လို့ အမှောင်ပျောက်တာ သဘာဝတစ်ခုပဲမို့ အရင်က အရည်းကြီးများရဲ့ အင်းအိုင်၊ မန္တန်နေရာမှာ အရဟံ၊ သမ္မာသမ္ဗုဒ္ဓေါစတဲ့ တရားတော်များက နေရာယူလာပြီ။ ရှင်အရဟံ မထေရ်မြတ်ဟာ သူ့ရဲအောင်မြင်မှုကို သထုံကဆရာတော်ဆီတင်ပြပြီး သထုံသံဃာတော်များကို ပုဂံသို့ပို့ပါရန်လည်း တောင်းပန်တဲ့အတွက် သထုံသံဃာတော်များ ပုဂံဒေသကြွရောက်သီတင်းသုံးတော့ ဘု ရင် အနော်ရထာအပါအ၀င် ပြည်သူပြည်သားများ ပစ္စည်းလေးပါးတကာများအဖြစ် ခံယူကာ တာဝန်ကျေကြ သည်ကော။ ပုဂံဒေသ၊ ပုဂံနေပြည်တော်မှာ ယုံကြည်မှုတွေ ပြောင်းလဲလာတာမှန်ပေမယ့် အခုပြောင်းလဲမှု ဟာ ပါးစပ်ပြော ပြောင်းလဲမှုတစ်ခုသာဖြစ်သေးတယ်ဆိုတာ မင်းကြီးနဲ့ ပြည်သူ ပြည်သားများအားလုံး အသိ။ ပါးစပ်ပြောအသိဟာ တချိန်မှာ ပြောင်းလဲသွားနိုင်တယ်ဆိုတာကို အားလုံးသတိထားမိသည်လေ။ အဖျက်က ရှိနေသေးတယ်မဟုတ်လား။ ပါးစပ်ပြောသမားတွေကို ဗေဒင်၊ယတြာ၊ အင်း၊ အိုင် မန္တန်စသည်နဲ့ လက်တွေ့ပြ အနိုင်ယူသွားနိုင်တာက အရည်းကြီးများ မဟုတ်လား။ သူတို့က ဒီလိုပုံစံနဲ့ လွယ်လွယ်ဘယ်အရှုံးပေးပါ့မလဲ။ သူတို့ရဲ့ သာသနာက အနှစ် (၆၀၀) ကျော်ရှင်သန်ခဲ့တာကိုလဲ ထည့်တွက်ရမှာ။ ပြီးတော့ မနေ့ကမှ ရောက် လာတဲ့ ဗုဒ္ဓသာသနာကို ပုဂံပြည်သူအားလုံး လက်ခံဖို့ဆိုတာကလဲ လွယ်တဲ့ ကိစ္စမဟုတ်သေး။ ဒါကိုတွေးမိ တဲ့ မင်းကြီး အတွက် သောကက မအေး။ တိကျတဲ့ ပိဋကတော်များရရှိပြီး ပရိယတ္တိသာသနာပါ ပုဂံမှာ အခြေကျဖို့ လိုအပ်သေးသည်လေ။ အတွေးစူးရှတဲ့ မင်းကြီးပါပဲ။ ပရိယတ် သင်ကြားမှုကသာ အများရဲ့ အမှား ကို အနိုင်ယူနိုင်တယ်ဆိုတာတွေးမိသလို ယုံကြည်သူ ကိုးကွယ်သူများအတွက် အမှန်တရားကို အမြန်ဆုံး ရှာ ဖွေပေးနိုင်တာဟာလဲ ပရိယတ်စာပေဆိုတာကို ကောင်းကောင်းသိနေသည်လေ။ ဒါပေမယ့် ပုဂံဒေသ၊ ပုဂံ နေပြည်တော်မှာ ပိဋကတ်တော်ကမရှိ။ အသံသာရှိပြီး အဆန်မရှိသေးတဲ့ အဖြစ်မျိုးရယ်။ ပိဋကတ်တော်နဲ့ ဗုဒ္ဓ ဓာတ်တော်များအတွက် သောကမရောက်ရန် ရှင်အရဟံမထေရ်မြတ်ရဲ့နှစ်သိမ့်မှုက သက်သာရာကို ရစေခဲ့ သည်။ သထုံဘုရင် မနုဟာထံမှ ဗုဒ္ဓဓာတ်တော်များအလှူခံပြီး စေတီများတည်လိုက်မယ်၊ ပိဋကတ်တော်များ အလှူခံပြီး စာပေသင်ကြားကာ အရည်းကြီးသာသနာပျောက်အောင်လုပ်မယ်ဆိုတဲ့ အတွေးနဲ့ ပျော်နေသူက ဘုရင် အနော်ရထာ။ မင်းနဲ့ပြည်သူ ကြည်ဖြူစွာလက်တွဲပြီး သာသနာတော်ကို တိုးတက်အောင်လုပ်ခွင့်ရ တော့ မယ်ဆိုတဲ့အတွေးက ရင်ကို သိမ့်ခနဲအေးစေသည်လေ။ အတွေးနဲ့တင် ကျေနပ်ပေစွ။ ဘုရင် မနုဟာ ဆီမှာရှိတဲ့ ပိဋကတ်အစုံသုံးဆယ်ထဲက တစ်စုံလောက်ရရင်တောင် ကျေနပ်ရပြီ။ စာပေအတိအကျရှိမှ အရည်း ကြီးသာသနာကို အမြစ်လှန်နိုင်မယ်၊ ပြည်သူတွေကို စည်းရုံးရလဲ လွယ်ကူမယ်ဆိုတာကို ကောင်းကောင်း ကြီး သိနေတာက အနော်ရထာမင်းစောလေ။ အနော်ရထာမင်းစောတွေးသည်က ပုဂံနေပြည်တော်မှ လက် ဆင့်ကမ်းခဲ့တဲ့ သာသနာ့မီးတိုင်ကြီးကို နောင်လူတို့ဆက်လက်ထွန်းညှိသွားရန်သက်သက်ပါပဲ။ သူ့အတွက် ဆိုတာ တစ်စက်လေးမှမပါ။ ပုဂံနေပြည်တော်ရှိ ပြည်သူ ပြည်သားများ အသိပြောင်းလဲဖို့အတွက် ဗုဒ္ဓရဲ့ ပိဋကတ်တော်ရှိမှ ဖြစ်မှာ။ ပိဋကတ်သယ်ရေး တွေးမိတော့ ခက်ခဲပြီး ဝေးလွန်းတဲ့ ခရီးတစ်ခုက စိတ်ထဲ မှာ ၀ိုးတ ၀ါး။

လူသားတွေ အောင်မြင်ခြင်းဂုဏ်ကို ရရှိတယ်ဆိုတာ အလွယ်တကူရလာတာမဟုတ်။ အရာအားလုံးဟာ ခက်ခဲမှုနဲ့ တည်ဆောက်ထားတဲ့ အရာများသာ။ ပြည်ထောင်စုတစ်ခုလုံး၊ ပြည်သူအားလုံး အသိပြောင်းရေး အတွက် ကြိုးပမ်းရတဲ့အရေးဟာ အခက်ခဲဆုံးဖြစ်မှာပါ။ ခက်ခဲတယ်ဆိုပြီး တွေးပူမနေဘဲ လိုတာကို အမြန်ရ ဖို့အရေးသာ တွေးနေမိတဲ့ မင်းကြီး အနော်ရထာ ပိဋကတ်အလှူခံရေးအတွက် ပုဂံနိုင်ငံတော်ရဲ့ သံတမန်အ ဖွဲ့ကို စိတ်အချရဆုံး အမတ်ကြီး ပညာဗလ နဲ့ဖွဲ့စည်းကာ ရှည်တဲ့ခရီးကို စတင်စေခဲ့ပြီ။ ရည်ရွယ်ချက်ကတော့ နိုင်ငံရေး၊ စီးပွားရေးအပြင် သာသနာရေးအတွက်ပါ တွေးပြီးလွှတ်လိုက်တာပါ။ သထုံခရီးအသွား သံတမန် အဖွဲ့ဟာ ဥဿာ ပဲခူးမင်းနဲ့ပါ နှစ်ပြည့် တစ်ပြည်ဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့သည်။ အနော်ရထာမင်းစောရဲ့ ရည်ရွယ်ချက်က ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးပေါ်ပေါက်ပြီး သာသနာပြန့်ပွားရေးပဲ မဟုတ်ပါလား။ ရည်ရွယ်ချက် အောင်မြင်သည်ဟုပြောရပါမည်။ ပဲခူးမင်းကို အလွယ်တကူပဲ ရွှေလမ်း ငွေလမ်းခင်းပြီး မိတ်ဖွဲ့ နိုင်ခဲ့သည်။ ပဲခူး ဥဿာမှာနေတုန်း သထုံအကြောင်းကို သံတမန်အဖွဲ့မှ ကောင်းကောင်းလေ့လာသည်။ ရွှေ လမ်းဖေါက်ပြီး ပေါင်းဖေါ်ရမယ့် နောက် နိုင်ငံတစ်ခုဟာ ပိဋကတ်များ၊ သံဃာတော်များ၊ ဓာတ်တော် မွေတော်များ တည်ရှိရာ သထုံပြည်ကြီးပဲလေ။ အသေအချာလေ့လာရမည်ပ။

နိုင်ငံရေးဆိုတာ ကိုယ်ထင်သလို မဖြစ်တတ်ဘူးလေ။ အရာအားလုံးဟာ အစိုးမရတဲ့ဖက်စောင်းနေမှတော့ အခက်အခဲက စောင့်ကြိုနေမှာအမှန်။ ပုဂံသံတမန် ခေါင်းဆောင် အမတ်ကြီး ပညာဗလ မှ ဘုရင် မနုဟာကို လျှောက်တင်ရပြီ။ အရှင်မင်းကြီး ပုဂံနိုင်ငံတော်မှာ ပိဋကတ်တော်များ မရှိသေးတဲ့အတွက် အမှား၊ အမှန်ခွဲ ခြားပေးနိုင်တဲ့ ကျမ်းများ နိကာယ်များလဲ မရှိသေးပါ။ ဒါ့အပြင် ပြည်သူများ ကိုးကွယ်ဖို့ ဓာတ်တော်မွေတော် များလဲ မရှိသေးပါ။ အရှင်မင်းကြီးဆီမှာ ပိဋကတ်တော် အစုံသုံးဆယ်ရှိကြောင်း ကြားရသည့်အတွက် ပိဋကတ် တစ်စုံအလှူခံချင်ပါကြောင်းနှင့် ဓာတ်တော်များမှ သင့်တော်တဲ့ ဓာတ်တော်များကိုလဲ လှူဒါန်းပါရန် ဘုရင် အနော်ရထာကိုယ်စား လျှောက်တင်ပါကြောင်းပြောဆိုရင်း ဘုရင်အနော်ရထာရဲ့ ဒုတိယ သ၀ဏ်လွှာကို ဆက်ကပ်တဲ့အခါ မနုဟာ ဘုရင် လက်မခံတဲ့အပြင် လက်နဲ့ပင် မတို့ခဲ့။ ပြီးတော့ ဒေါသသံနဲ့ ဘုရင် မနုဟာ မိန့်ပြီ။ တော်လိုက်ပါတော့ သံတမန်ကြီး ဗုဒ္ဓမြတ်စွာရဲ့ ဓာတ်တော်များဟာ ပုဂံလို မိစ္ဆာနိုင်ငံနဲ့ တန်လို့လား၊ ဗုဒ္ဓရဲ့ ပိဋကတ်တော်များနဲ့ ပုဂံလို အယူလွဲနေတဲ့ တိတ္ထိနိုင်ငံနဲ့ သင့်တော်လို့လား၊ အရည်းကြီး သာသနာ အရိုး လိုစွဲနေတဲ့ ပုဂံနိုင်ငံတော်မှာ သာသနာထွန်းကာလိမ့်မယ်ဆိုတာ ဘယ်လိုမှ မယုံကြည်နိုင်၊ ငါ အသက်ရှင်နေ သရွေ့ ဗုဒ္ဓရဲ့ ဓာတ်တော်များနဲ့ ပိဋကတ်တော်ကို ဘယ်တော့မှ ရမှာမဟုတ်လို့ မိန့်တော့ သံတမန်အဖွဲ့ တုတ် တုတ်မျှမလှုပ်။ လာတဲ့အရေး သာမှမသာတော့တာ။ နောက်ဆုံး တပ်ခေါက်ပြန်ရသည့်အဖြစ်။ ဒေါသနဲ့ ပြောခဲ့တဲ့စကားတစ်ခုဟာ ဒေါသကြောင့် ပျက်စီးတတ်တယ်ဆိုတာ မနုဟာ ဘုရင် မသိခဲ့လေသလား။ သိ ရက်နဲ့ သတိလွတ်ပြီး ပြောမိသွားတာလား။ သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်ဆိုတာကို သိထားခဲ့ရင် ဒီလိုပြောခဲ့ပါ့မလား။ လူသားထဲက လူသားတစ်ယောက်သာဖြစ်တဲ့ မနုဟာ ဘုရင်လဲ ဒေါသ အလိုက်ပြောမိပြီးသွားပြီ။ ဒေါသအတွက် ပေးဆပ်ရမှာက ဘာတွေဖြစ်လာမလဲ…………….။

ဓာတ်တော်အချို့နဲ့ ပိဋကတ်တစ်စုံအတွက် ဒီလောက်ခက်ခဲလိမ့်မယ်လို့ အနော်ရထာမင်းစော မျှော်လင့်မထား ခဲ့ပါဘူး။ ပုဂံပြန်ရောက်လာတဲ့ သံတမန်အဖွဲ့ရဲ့ လျှောက်တင်တဲ့စကားကို မကြားတစ်ချက် ကြားတစ်ချက်။ တန်ပြန်လာတဲ့ အသံအတွက် အသင့်တော်ဆုံး အဖြေတစ်ခုကိုထုတ်ရတော့မှာ မဟုတ်လား။ သာသနာအ တွက် ဖြစ်နိုင်ရင် သွေးမစွန်းစေချင်၊ အသက်မဆုံးရှုံးစေချင်ပါ။ အနိရုဒ္ဓ = မကြမ်းတမ်းသူ၊ နူးညံ့သူ ဘွဲ့အမည် ရထားတဲ့ အနော်ရထာမင်းစော သာသနာအတွက် စစ်ကိုလိုလားမှာမဟုတ်တာတော့ အသေအချာ။ ဒါပေမယ့် လက်တွေ့ကြုံရတဲ့အခက်အခဲက ပြောသလောက်မလွယ်တဲ့ ပြဿနာ။ အလွယ်တကူနဲ့ ရွှေလမ်း ငွေ လမ်းခင်းကာ မိတ်ဆွေဖြစ်စေဖို့ ဒုတိယအကြိမ် သံတမန်အဖွဲ့ကို စေလွှတ်ရပြီ။ ဒီတစ်ခေါက်တော့ တပ်အ ပြည့်အစုံ။ ဘုရင် အနော်ရထာ၊ စစ်ဦးစီးချုပ် ကျန်စစ်သားနဲ့ သူရဲကောင်း သုံးယောက်အပြင် ဗျတ္တအပါအ၀င် တပ်ကအကြီးအကျယ်။ မနုဟာဘုရင် ဒုတိယသံတမန်အဖွဲ့ကို လက်ခံကာ အလှူခံတာကို လှူခဲ့ရင် အလွယ် တကူပြီးသွားအောင် တကယ်လို့ အဆင်မပြေခဲ့ရင် စစ်နဲ့ဖြေရှင်းရအောင် အသေအချာစီစဉ်ခဲ့ရသည်လေ။

ဒေါသအမှားဟာ ဆက်မှားတတ်တယ်ဆိုတာကို ဘုရင် မနုဟာ ပြသပေးခဲ့သည်။ ဒုတိယသံတမန်အဖွဲ့ကို လက်ခံတွေ့ဆုံဖို့ နေနေသာသာ နှင်ပါထုတ်လိုက်တာတဲ့။ သထုံပြည်ကလဲ စစ်ရေးအတွက် ကြိုတင်ပြင်ဆင် ထားတော့ စစ်ကို စိန်ခေါ်လိုက်တဲ့ သဘောပါပဲ။ ပုဂံပြည်သူများ၊ နောင် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး မှာ နေထိုင်မည့် ပြည့်သူများ အသိမှန်ရေးအတွက် သာသနာအဆုံးအမကို စစ်တိုက်ကာယူရပေတော့မယ်။ ဘုရင်အနော်ရထာ တပ်များနဲ့ သထုံတပ်များ ကုန်းနဲ့ ရေမှာ ထိပ်တိုက်တွေ့ကြပြီ။ အသေအပျောက်များတဲ့ အ ပြင် အဆုံးအရှုံးလဲ အတော်များသည်။ သူရဲကောင်း ဗျတ္တရဲ့ အသက်ပါပေးလိုက်ရသည်လေ။ အသက်များ စွာပေးပြီး သထုံကိုနိုင်ခဲ့ပေမယ့် ပုဂံအပြန်ခရီးလမ်းမှာ ဓာတ်တော်များနဲ့ ပိဋကတ်အစုံသုံးဆယ်၊ ပြီးတော့ နန်း ကျ မနုဟာဘုရင်နဲ့ သံဃာတော်များကိုသာ ပင့်ဆောင် သယ်ယူခဲ့သည်။ ပုဂံအပြန်ခရီးဟာ အောင်ပွဲဆင်တဲ့ ခရီးဆိုပေမယ့် အသက်ပေးခဲ့ရသူများကြောင့်သာ အောင်ပွဲကို ပိုင်ဆိုင်ခဲ့ရတာ။ အသိနဲ့ အကျင့်အတွက် တိ ကျစေဖို့ ပိဋကတ်တော်များအတွက် အသက်များစွာကို စတေးခဲ့ရတာကို လုံးဝမမေ့နိုင်သူက အနော်ရထာ မင်းစော။ ပြည်သူအများ အသိမှန်ကန်ရေးကို တွေးမိလို့သာ အသက်ကိုစတေးပြီး ယူခဲ့မိတာပါ။ အခြားရည် ရွယ်ချက် တစ်စုံတစ်ရာမပါ။ အသိအတွက် သာသနာရဲ့ အသက် ပိဋကတ်တော်များကို ရယူနိုင်ခဲ့သလို သထုံကို အောင်ပြီးနောက် ပုသိမ်၊ ရခိုင်နဲ့ မိုးမိတ်မှာ ထီးနန်းတည်ထောင် အုပ်စိုးနေတဲ့ ကျိုင်းတုံစော်ဘွားကြီးနဲ့ သူ့ လက်အောက်ခံ မောကိုးပြည်ထောင်ကိုပါ သိမ်းသွင်းစည်းရုံးနိုင်ခဲ့တာဟာ အနော်ရထာမင်းစောရဲ့ မှတ်တမ်း တင်ရမယ့် အောင်မြင်မှုများပါပဲ။ အဲဒီအချိန်ကစပြီး ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးကို တစ်စုတစ်ဝေး တည်း အုပ်ချုပ်ကာ စုရုံးနိုင်ခဲ့သည်လေ။ ဒါကြောင့်ပဲ ဘုရင်အနော်ရထာကို ပထမ မြန်မာနိုင်ငံတော်ကို တည် ထောင်သူအဖြစ် ဂုဏ်ပြုခဲ့ကြတာ မဟုတ်လား။

တကယ်တော့ သာသနာတစ်ခု ရှင်သန်ပေါက်ဖွားလာဖို့ဆိုတာ လွယ်ကူတဲ့အရာတစ်ခုမဟုတ်ပါဘူး။ သီလ သာသနာ၊ သမာဓိ သာသနာ၊ ပညာသာသနာပေါ်ပေါက်ဖို့အတွက် ဘုရားအလောင်းတော်များ အနဲဆုံး လေး အသင်္ချေနဲ့ ကမ္ဘာတစ်သိန်းပါရမီဖြည့်ရင်း ဒုက္ခများစွာကိုဖြတ်ကျော်ကာ တည်ထောင်ခဲ့ရတယ်။ ဘုရားပရိနိ ဗ္ဗာန်စံပြီးနောက် သာသနာမပျောက်ရအောင် အာဏာစက်၊ ဓမ္မစက်များကို အသုံးပြုပြီး ပထမသံဂါယနာကို တင်ခဲ့ရပြန်ရော။ ဒုတိယသံဂါယနာကိုလည်း ထိုနည်းလည်းကောင်းပါပဲ။ အဖျက်ရန်က ကာကွယ်ဖို့ တင်ခဲ့ ရ တာပါပဲ။ သာသနာအသက်ကို တတိယအကြိမ်ဆက်ပေးခဲ့တဲ့ အသောကမင်းကြီးလဲ အခက်အခဲများစွာကို
ကျော်ဖြတ်ပြီးမှ တင်ခဲ့ရတာလား။ စတုတ္ထသံဂါယနာကျပြန်တော့ လူ့အန္တရာယ်၊ သဘာဝအန္တရာယ်ဒါဏ်ကို ကြံ့ကြံ့ခံရင်း တင်ခဲ့ရပြန်ရော။ အသိပျောက်မှာစိုးလို့ ပိဋကတ်တော်များကို အမျိုးမျိုးကာကွယ်ပေးခဲ့ကြပါ တယ်။ မြန်မာပြည်မှာတော့ သထုံဒေသနဲ့ အောက်ပြည်တစ်ဝိုက်လောက်သာ ထွန်းကာနေတဲ့အတွက် သာ သနာဟာ ပြောသလောက် မပြန့်ခဲ့ပါဘူး။ ထွန်းတောက်မှုအားလဲ နည်းခဲ့ပါတယ်။ အသက်ပေးပြီး အသိဆက် ခဲ့တဲ့ ဘုရင်အနော်ရထာကြောင့်သာ ဗုဒ္ဓရဲ့ သာသနာတော်ဟာ နေလို လလိုထွန်းတောက်ပြီး မြန်မာပြည် အ နှံ့ပြန့်ခဲ့ပါတယ်။ အသိ အသီးအပွင့်များက ခူးစားသူများရဲ့ဆန္ဒကိုပြည့်ဝစေခဲ့ပါတယ်။ အခုလက်ရှိ မြန်မာပြည် ကြီးမှာ ကိုးကွယ်နေတဲ့ သာသနာဟာ အနော်ရထာမင်းစော အသက်တွေနဲ့လဲပြီး အရည်းကြီးသာသနာနေရာ မှာ အစားထိုးခဲ့တဲ့ ဗုဒ္ဓသာသနာတော်ပါပဲ။

အချိန်တွေဟာ ကြာညောင်းလို့ ဟောင်းနွမ်းခဲ့ပါပြီ။ အတိတ်ဆိုတာ ပြန်ယူလို့မရနိုင်ပေမယ့် တမ်းတစရာ၊ လွမ်းမောစရာ၊ အတုယူစရာတွေနဲ့တည်ဆောက်ထားတာဖြစ်လို့ မေ့ဖို့တော့ ခက်သား။ ဟိုး….......အဝေး ကို ငေးရင်း အတွေးကို နယ်ချဲ့နေမိတယ်။ မြန်မာပြည်သူများဟာ သိပ်ကံကောင်းကြပါတယ်။ လွန်ခဲ့တဲ့ နှစ် တစ်ထောင်လောက်က အရည်းကြီးသာသနာ ရပ်တန့်မသွားဘဲ ဆက်လက်စီးဆင်းနေခဲ့မယ်ဆိုရင်၊ ဘုရင် အနော်ရထာဟာလဲ အခြား အခြားသော မင်းတွေလို ဘုရင့်စည်းစိမ်းများနဲ့ ရစ်မူးနေခဲ့မယ်ဆိုရင် ပထမသံဂါ ယနာမှ စတုတ္ထသံဂါယနာထိ သာသနာ့သမိုင်းကိုမော်ကွန်းထိုးခဲ့တယ်ဆိုတဲ့ အသိကိုရမှာမဟုတ်ပါဘူး။ မြန် မာပြည်မှာ ပဉ္စမသံဂါယနာတင်ပွဲနဲ့ ဆဋ္ဌသံဂါယနာတင်ပွဲများတောင် ဖြစ်ပေါ်လာနိုင်ပါ့ဦးမလား။

အသိမမှန်တဲ့အတွက် အရည်းကြီးများကို ကိုးကွယ်ရင်း ကမ္ဘာပေါ်ရှိ အခြားဘာသာများနဲ့အပြိုင်ကိုးကွယ်နေ ရမယ့် အဖြစ်။ အခုတော့ ဘုရင့်အနော်ရထာရဲ့ အတ္တကင်းတဲ့စိတ်၊ သူရဲကောင်းများရဲ့ ပေးဆပ်လိုစိတ်၊ တပ် သားများရဲ့ အသိကို အသက်ပေးကာကွယ်မယ်ဆိုတဲ့ စိတ်တွေက မြန်မာပြည်ကြီးကို ထေရ၀ါဒကိုးကွယ်တဲ့ နိုင်ငံအဖြစ် ကမ္ဘာကို အသိအမှတ်ပြုရလေအောင် စွမ်းဆောင်နိုင်ခဲ့တာလား။

တကယ်လို့သာ အသိပြည့် မင်းတစ်ပါးဖြစ်တဲ့ ဘုရင်အနော်ရထာသာ မရှိခဲ့ရင်၊ အနော်ရထာမင်းစောရှိပေမဲ့ အမှားကိုသာ ဆက်ကိုးကွယ်သွားခဲ့မယ်ဆိုရင် မြန်မာပြည်သူ ပြည်သားရဲ့အဖြစ်ဟာ အ၀ိဇ္ဇာအမှောင်မှာ လွမ်းကာ ငိုနေရမယ့်အဖြစ်။ အခုတော့ ပေးဆပ်သူများ၊ ဖြည့်ပေးသူများနဲ့အတူ ခေါင်းဆောင်လုပ်ကာ ပြောင်းလဲပေးခဲ့တဲ့ ပထမမြန်မာနိုင်ငံတော်တည် ဘုရင် အနော်ရထာကြောင့်သာ မှန်ကန်တဲ့ အသိတစ်ခုကို ဆုပ်ကိုင်ရင်း ဘ၀ကိုဖြတ်သန်းခွင့်ရခဲ့တာ။ သထုံမှာ ရှိနေတဲ့ ပိဋကတ်တော်များကို သာသနာပြန့်ပွားရေး အ တွက် အသက်ပေး ဆက်ခဲ့သူများကို နှလုံးသားထဲမှ လှိုက်လှဲစွာကျေးဇူးတင်နေမိရဲ့။ ဒါကြောင့် မြန်မာပြည် ရဲ့ သာသနာဟာ အသက်ပေးဆက်ခဲ့ရတာဖြစ်လို့ အသက်နဲ့ဆက်ခဲ့တဲ့ သာသနာလို့ တင်စားလိုက်ချင်ရဲ့။ ဘုရင်အနော်ရထာကိုလည်း သာသနာကို အသက်ပေးဆက်ခဲ့သူအဖြစ် ကျေးဇူးတင်စွာနဲ့ နှလုံးသားမှာ မော် ကွန်းတင်မိတယ်။ လွမ်းစရာပြည့်နေတဲ့ ပုဂံမှာ မော်ကွန်းတင်ဘုရင်တစ်ပါးစိုးစံခဲ့သလို့ ပေးဆပ်လိုသူ နှလုံး သားပိုင်ရှင်များနေခဲ့ဖူးတယ်ဆိုတာ မြန်မာပြည်သူ ပြည်သားများ သိမှ သိနိုင်ပါလေစ။

မြန်မာပြည်သူ ဗုဒ္ဓ၀ါဒကိုးကွယ်သူများ ပထမမြန်မာနိုင်ငံတည် ဘုရင်အနော်ရထာကို ကျေးဇူးတင်ကာ အသိ နဲ့ ပြန်လည်ကျေးဇူးဆပ်နိုင်သူများဖြစ်ပါစေကြောင်း ဆန္ဒပြုလိုက်ပါရဲ့။

(၁၈.၀၄.၂၀၁၇) အင်္ဂါနေ့