Saturday, 6 May 2017
အသက်နဲ့ဆက်ခဲ့တဲ့ သာသနာ (သို့) သာသနာကို အသက်ပေး ဆက်ခဲ့သူ (အပိုင်း ၂)
ဘုရင် အနော်ရထာရဲ့ ဘ၀ဇာတ်ကြောင်းကို လှန်လှောကြည့်လိုက်တဲ့အခါ အတိတ်နေ့ရက်များကိုလဲ မေ့ ထားလို့မရ။ အနော်ရထာမင်းစော နန်းမတက်မီ အစောပိုင်းကာလများ စာမျက်နှာကိုလည်း ပြန်ဖတ်ကြည့် သင့်သည်လေ။ ခရစ်နှစ် (၉၉၁) ခုနှစ်မှာ ကွမ်းဆော် ကျောင်းဖြူမင်း နန်းတက်ပါတယ်။ ဒီမင်းရဲ့ မိဖုရားမှ အနော်ရထာမင်းစောကို မွေးဖွားခဲ့တာ။ ကွမ်းဆော် ကျောင်းဖြူမင်းဆိုတာ ပုဂံရဲ့ (၃၉) ဆက်မြောက်မင်းတစ် ပါးဖြစ်ပါတယ်။ အိမ်နိမ့်စံဘ၀နဲ့ အချိန်ကုန်ခဲ့ရသူမို့ အသက် (၅၈) နှစ်လောက်မှ နန်းတက်ခဲ့သူ။ ကွမ်းဆော် ကျောင်းဖြူမင်းဟာ ပုဂံမင်း (၃၅) ဆက်မြောက် တန်နက်မင်းရဲ့ သားတော်ရင်းပါ။ တန်နက်မင်းကို စလေ င ခွေးမင်းလုပ်ကြံ နန်းလုတဲ့အခါ တန်နက်မင်းရဲ့ မိဖုရားတစ်ပါး အထက်အညာ ကျောင်းဖြူအရပ်ကိုပြေးပြီး ပုန်း အောင်းခဲ့ရသည်လေ။ သည်ဒေသမှာပဲ ကျောင်းဖြူမင်းသားကို မွေးတယ်ဆိုပါတော့။ ကျောင်းဖြူမင်း သား အရွယ်ရောက်တဲ့အချိန်မှာ ညောင်ဦးစောရဟန်းမင်း နန်းတက်နေပြီ။ မင်းကြီးက ကျောင်းဖြူမင်းသာကို ကွမ်းဆက်သူအဖြစ် တာဝန်ပေးလို့ ကွမ်းဆော်ဆိုတဲ့နာမည်အပိုရလာသူပါ။ တစ်ရက်။ မင်းလောင်းပေါ်တယ် ဆိုတဲ့ အုတ်အော်သောင်းနင်းဖြစ်တာကို လာစပ်စုကြည့်မိသူက ကွမ်းဆော် ကျောင်းဖြူမင်းသား။ ဘယ်သူ များ မင်းလောင်းဖြစ်နေမလဲဆိုတာ သူလဲ သိချင်ပေမပေါ့။ ကံဆိုတာ ထူးဆန်းပေစွ။ မင်းလောင်းလာကြည့် တဲ့ ကွမ်းဆော်မင်းသားလေးကို ပြည်သူတွေက မင်းလောင်းအဖြစ်တင်မြှောက်ပြီး ဆူညံသံနဲ့ သြဘာပေးနေ တာကို လက်ရှိစိုးစံနေတဲ့ ညောင်ဦးစောရဟန်းမင်းထွက်အကြည့်မှာ နန်းဦးကပြုတ်ကျပြီး နတ်ရွာစံပါရော။ ဒီ လိုနဲ့ ပြည်သူရွေးချယ်တဲ့ ကွမ်းဆော် ကျောင်းဖြူမင်း ဘုရင်ဖြစ်လာရသည်လေ။
နတ်ရွာစံ ညောင်ဦးစောရဟန်းမင်းဟာ ညီအစ်မသုံးယောက်ကို မိဖုရားတင်မြှောက်ခဲ့ပါတယ်။ မြောက်ပြင် မိ ဖုရား၊ တောင်ပြင်မိဖုရားနဲ့ အလယ်နန်းမိဖုရားတို့ပေါ့။ မြောက်ပြင်မိဖုရားမှာ ညောင်ဦးစောရဟန်းမင်းနဲ့ သား သမီးမရခဲ့။ တောင်ပြင်မိဖုရားမှ မင်းသား ကျည်းစို ကိုယ်ဝန် (၉) လနဲ့ကျန်ခဲ့သလို အလယ်နန်းမိဖုရားမှ သားတော် စုက္ကတေး ကိုယ်ဝန် (၆) လနဲ့ ကျန်ခဲ့ပါတယ်။ ကွမ်းဆော် ကျောင်းဖြူမင်း နန်းတက်တဲ့အခါ မိဖု ရား သုံးပါးလုံးကို မိဖုရားပြန်မြှောက်ပါတယ်။ မြောက်ပြင်မိဖုရားမှ ခရစ်နှစ် (၁၀၁၄) ခုနှစ်မှာ အနော်ရထား မင်းသား ကိုမွေးဖွားပါတယ်။
အသက်အရွယ်ရလာလို့ ပညာအစုံတတ်နေတဲ့ ကျည်းစိုမင်းသားနဲ့ စုက္ကတေးမင်းသားတို့ဟာ အသက် (၇၈) နှစ်ရှိနေပြီးဖြစ်တဲ့ ဘုရင်အို ကွမ်းဆော်ကျောင်းဖြူမင်းကို ရဟန်းကျောင်းတစ်ဆောင်ဆောက်လုပ်ပြီး ခြိမ်း ခြောက်ကာ ရဟန်းပြု ကျောင်းထိုင်စေသည်လေ။ လွယ်လွယ်ပြောရင် အာဏာလု လိုက်သည်ပေါ့။ အသက် ကြီးနေတဲ့ ကွမ်းဆော်ကျောင်းဖြူမင်း ဘာမှမတတ်နိုင်။ အလွယ်တကူပဲ လက်ခံလိုက်ရသည်။
ကျည်းစိုမင်းသာ နန်းတက်လို့ ဘုရင်သာဖြစ်လာသည် နိုင်ငံရေးကို လုံးဝစိတ်မ၀င်စား ဖအေတူ မအေကွဲ ညီ တော် စုက္ကတေးကို ကွပ်ကဲစီမံစေသည်။ အပျော်အပါးမက်ပြီး တောလိုက်ဝါသနာပါတဲ့ ကျည်းစိုမင်းဟာ ချင်း တွင်းနယ်တစ်ရိုးမှာ တည်းထိုး အမဲလိုက်ရင်း မုဆိုးတစ်ယောက်ရဲ့မြားချက်နဲ့ နတ်ရွာစံရပါရော။ နန်းစံသက် က (၆) နှစ်ပဲကြာတာ။ နောင်တော် နတ်ရွာစံတော့ နန်းရလာတာက ညီတော် စုက္ကတေး။ နန်းသာတက်လာ ကြတာ နိုင်ငံရေး၊ ဘာသာရေး၊ ကြီးပွားရေး စတဲ့အရေးနဲ့ပတ်သက်ပြီး စိတ်ဝင်စားတဲ့ ဘုရင်တစ်ပါးမှမပါဝင်။
အချိန်ဆိုတာ လူကိုစောင့်နေတတ်တာ မဟုတ်ပါဘူး။ လူကသာ အချိန်ကိုစောင့်နေတတ်တာရယ်။ အခုလဲ မ စောင့်တဲ့အချိန်နဲ့အတူ အရွယ်ရောက်လာသူက ကွမ်းဆော် ကျောင်းဖြူမင်းရဲ့သား အနော်ရထာ မင်းသား။ စုက္ကတေးမင်းကလဲ မျက်ကွယ်မပြုပါဘူး။ ရွာကိုစားစေပြီး ထိုက်သင့်တဲ့တာဝန်ကိုပေးသည့်အပြင် စစ်ပညာ တွေကိုပါ သင်စေသည်လေ။ ဒါပေမယ့် ခမည်းတော်က နန်းကျဘုရင်ဆိုတော့ မူးမတ်တွေကြားမှာ မျက်နှာ ငယ်ရသည်တော့ အမှန်။ လက်ရှိနန်းတက်နေတဲ့ ဘုရင်ကိုယ်တိုင် ထိကပါး ရိကပါး စကားများနဲ့ ထိုးနှက် တတ်သည်။ သည်းခံပါ၏။ အခြေအနေဆိုတာ တခါတလေ စောင့်ယူရတတ်တာမို့လား။ ညီလာခံအပါအ၀င် မင်းခမ်းမင်းနားတွင် အားတက်သရော ပါဝင်တတ်တဲ့ အနော်ရထာမင်းသားကို အခွင့်အရေးပေးသယောင်နဲ့ သံသယမျက်လုံးနဲ့ကြည့်တာက ပိုများတယ်ဆိုရမလား။ ဘယ်နေ့ နန်းလုမလဲဆိုတဲ့ အတွေးလဲ ဘုရင်မှာ ရှိ ကောင်း ရှိနေနိုင်တာပဲ့ကိုး။ အထင်သေး အမြင်သေးတတ်သူတွေဟာ တခါတလေ သတိလက်လွတ် စော် ကား မိတာမျိုးရှိလာတတ်ပါတယ်။ အခုလဲ အနော်ရထာကြုံရပြီ။ တစ်ခုသော ညီလာခံမှာ စုက္ကတေး မင်းကြီး က အနော်ရထာကို ညီသား နောင်မယ် ကျန်းကျန်းမာမာ ရှိရဲ့လား ဆိုတဲ့ နှုတ်ဆက်စကားက ညီလာခံတက် သူများကို ပွဲကျစေသည်လေ။ အနော်ရထာမင်းသားအတွက်တော့ အရှက်ပေါ့။ ညီလာခံစဲလို့ ခမည်းတော် ကွမ်းဆော် ကျောင်းဖြူမင်းဆီသွားတော့ အဓိပ္ပါယ်ကိုသိရပြီ။ အဓိပ္ပါယ်က ညီလဲဟုတ် သားလဲ ဟုတ်ပေါ့။ ဒါ ဆို မကြာခင် အနော်ရထာရဲ့ မိခင် မြောက်ပြင်မိဖုရားကို စုက္ကတေးဘုရင် မိဖုရားအဖြစ်မြှောက်တော့မည့် ရှေ့ပြေးနိမိတ်ပေါ့။
ဖစ်လာတဲ့ ခံစားမှုအတိုင်း ချက်ချင်းမတုန့်ပြန်မိစေဖို့ ခမည်းတော်ကြီး ဖြောင်းဖြရပြီ။ လူငယ်တွေဆိုတာ စိတ် လိုက်မာန်ပါလုပ်တတ်တာမို့လား။ အားရှိအောင်မွေး လူတွေစုပြီးမှ အမှန်တရားဘက်တော်သားဖြစ်အောင် လုပ်၊ အခုတော့ ပုပ္ပါးအရပ်ဖက် ခဏရှောင်နေဦးဆိုတဲ့ ခမည်းတော်ရဲ့ စကားက သင့်တော်နေလေတော့ လိုက်နာရပြီ။ ခမည်းတော် ကွမ်းဆော် ကျောင်းဖြူမင်းကလည်း သားတော် အနော်ရထာကို အမွေများပေး လိုက်သည်လေ။ အရိန္ဒမာလှံ၊ သီလ၀ံဓား၊ ပတ္တမြားလက်စွပ်နဲ့ ပတ္တမြားဦးသျှောင်တို့ပါပဲ။ အနော်ရထားမင်း သား ပုပ္ပါးအရပ်သွားပြီး လုစုပြီ။ ပုန်ကန်ရတော့မှာလေ။ စုက္ကတေးမင်းလဲ ချက်ချင်းတုန့်ပြန်တာပါပဲ။ အနော် ရထာ မင်းသားရဲ့ ခမည်းတော် ကျောင်းဖြူမင်းကို အကျယ်ချုပ်ထားလိုက်တဲ့အပြင် မယ်တော် မြောက်ပြင် မိဖုရားကို မိဖုရားမြှောက်လိုက်သည်ပေါ့။ ဒါဟာ စုက္ကတေးမင်းရဲ့ လက်တုန့်ပြန်ချက်လို့ မြင်ကြပေမယ့် ပေး ဆပ်ရဖို့အတွက် စတင်လိုက်တယ်ဆိုတာကို နားလည်ထားရပါလိမ့်မယ်။
အနော်ရထားမင်းသား လုစုသည်။ စစ်ပညာတွေကို သင်ပေးသည်။ လူစုရတာ ဘာမှမခက်ခဲ။ အုပ်ချုပ်ရေးကို စိတ်ကုန်နေတဲ့ ပြည်သူတွေ အသက်သုံးဆယ်ကျော်သာရှိသေးတဲ့ ဘုန်းလက်ရုံးရှိတဲ့ အနော်ရထားမင်းသား ကို အသက်ပေးယုံကြပြီလေ။ ကောင်းသတင်းမွှေးနေတဲ့ အနော်ရထာမင်းသား ခရစ်နှစ် (၁၀၄၄) မှာ ပုဂံ နေပြည်တော်ကို စစ်ချီလေပြီ။ ရာဇသံက ခပ်ရှင်းရှင်း နိုင်ငံအပ်မလား၊ တစ်ယောက်ချင်း စစ်ထိုးမလား ပေါ့။ ဘုရင်ကိုစိန်ခေါ်တော့ စုက္ကတေးဘုရင်လဲ ဒေါသထွက်ပြီလေ။ တစ်ယောက်ချင်း စီးချင်းထိုးဖို့ လက်ခံလိုက်ပြီ။ အရုဏ်တက်အချိန်မှာ အနော်ရထာနဲ့ စုက္ကတေးမင်းတို့ စီးချင်းထိုးကာ အားချင်းယှဉ်ပြိုင်ပြီ။ အနော်ရထာမင်း သား အရှိန်ပြင်းစွာ ပစ်လွှတ်လိုက်တဲ့ အရိန္ဒမာလှံဟာ ဘုရင်စုက္ကတေးရင်ဝမှာ စူးဝင်လေပြီ။ နောင်တော် စုက္က တေးအလောင်းကို သယ်သွားတဲ့ မြင်းဟာ မြင်းကပါ ချောင်းကမ်းပါသို့ အရှိန်လွန်ကျသွားပြီ။ ပုဂံနိုင်ငံတော် မှာ (၂၅) နှစ်တိတိ အုပ်ချုပ်သွားတဲ့ ဘုရင်စုက္ကတေးရဲ့ ဘ၀နေချိန်ကား မလှပခဲ့။ ကျေးဇူးသိတတ်တဲ့ အနော် ရထာမင်းသားပါပဲ။ စုက္ကတေးအလွန်မှာ ဖခင်ကို နန်းအပ်သည်လေ။ ခမည်းတော်ကြီးရဲ့ ငြင်းဆန်မှုက သား တော် အနော်ရထာကို ဘုရင်ဖြစ်စေခဲ့ပြီ။ အနော်ရထာမင်းစော ပုဂံရဲ့ (၄၂) ပါးမြောက် ဘုရင်ဖြစ်လာခဲ့ပြီ။ ဒါပေမယ့် နိုင်ငံတော်မှာ မက်မောစရာဆိုလို့ ဘာဆို ဘာမှမရှိခဲ့။ လုပ်ရမယ့် တာဝန်တွေက တသီတတန်း။ အများအတွက် ပြည်သူအတွက်ရယ်လို့ စဉ်းစားမိတော့ လုပ်စရာတွေက ဒုနဲ့ဒေး။ ဘုရင်ဆိုတဲ့ အမည်နာမနဲ့ လိုက်အောင် လုပ်ရမယ့်အလုပ်တွေက အမြောက်အမြား။
ဘုရင်အနော်ရထာမင်းစော ပထမဆုံးလုပ်ချင်တာက ပြည်သူတွေ အသိမှန်အောင်။ ပုဂံပြည်သူတွေ ခေတ် အဆက်ဆက် ယုံကြည်ကိုးကွယ်လာတာက ပန်းဦးဆက် အရည်းကြီးသာသနာ။ အရည်းကြီးသာသနာက အနော်ရထားမင်းလက်ထက်မှ ရောက်လာတဲ့ အသစ်စက်စက် ကိုးကွယ်ရာတစ်ခုမဟုတ်။ အရည်းကြီး သာ သနာဟာ ပုဂံနေပြည်တော်ကို သုံးကြိမ်မြောက်တည်ခဲ့တဲ့ သိုက်တိုင်မင်း (ခရစ်နှစ်- ၅၁၆-၅၂၃) လက်ထက် မှာ အတော်ထွန်းကားနေကြောင်း မှတ်တမ်းများအရသိရသည်။ ပုဂံမင်းဆက် (၁၂) ဆက်မြောက် သိုက် တိုင်မင်းမှ မင်းဆက် (၄၁) ဆက်မြောက် စုက္ကတေးမင်းအထိ နှစ်ပေါင်းကိုရေတွက်ကြည့်မယ်ဆိုရင် နှစ်ပေါင်း (၆၀၀) လောက်တောင်ရှိပါရော့လား။ အမြစ်စွဲနေတဲ့ အပင်ကြီးတစ်ပင်ကို ချက်ချင်းခုတ်လှဲဖို့ဆိုတာ လွယ် တာမှမဟုတ်တာ။ ပြီးတော့ ဘုရင်အဆက်ဆက် ပြည်သူအဆက်ဆက် ကိုးကွယ်ယုံကြည်ခဲ့တာလေ။
မို့ပုဂံရဲ့အရှေးယွန်းယွန်း သမထီးအရပ်ဟာ အရည်းကြီးများရဲ့ ဗဟိုဌာနချုပ်ပါတဲ့။ အိန္ဒိယတောင်ပိုင်း သမ္မတိဂိုဏ်းဝင်တို့နဲ့ မြောက်ပိုင်း မဟာယာနတို့အနွယ်ဝင်တို့ ပုဂံနေပြည်တော်သို့ နည်းအမျိုးမျိုးနဲ့ရောက် လာပြီး စုပေါင်းနေထိုင်တဲ့အရပ်ကို သမ္မတိ၊ နောက်တော့ သမထီးအရပ်ဖြစ်လာကြောင်း မှတ်တမ်းတင်ခဲ့ပါ တယ်။
အရည်းကြီးတွေဟာ ဗုဒ္ဓ၀ါဒရဟန်းတွေလို အ၀ါရောင်သင်္ကန်းမ၀တ်၊ အနက်ရောင်၊ နက် ပြာရောင် သင်္ကန်းများကိုဝတ်ဆင်ပြီး ဆံပင်လက်လေးသစ် မုတ်ဆိတ်ဗလဗြစ်နဲ့။ ကျင့်ဝတ်က တုံးခုန်၊ မီးလှုံ၊ ဇယ်ခတ် ခြင်းများပါတဲ့။ အားလပ်ချိန်မှာတော့ ဆင်စီး၊ မြင်းစီးအကျင့်များကို လေ့ကျင့်သည့်အပြင် ဓားခုတ် လှံထိုးအ ကျင့်များကိုလဲ အပိုကျင့်သေးသည်တဲ့။ ခေါင်းဆောင်က အယောက် သုံးဆယ် နောက်လိုက်က အရောက် ခြောက်သောင်းတောင်ရှိပါသတဲ့လေ။ စီးပွားရေး၊ ကြီးပွားရေးများကို ကိုယ်တိုင်လဲလုပ်ကြပါသေးသတဲ့။ ပြီး တော့ တကာတွေအတွက် လက်ဖွဲ့၊ မန္တာန်၊ ဆေး၊ အင်းကွက်၊ ဗေဒင်၊ ယတြာ၊ ဓာတ်နတ်အပြင် ပန်းဦးလွှတ် တာကိုပါ ကြံဖန် စီရင်ထားပါသတဲ့။ လူတွေ မိန်းမယူတာဟာ ကံဆိုးခြင်းကို လက်ခံယူလိုက်တာဖြစ်တဲ့ အ တွက် တစ်သက်လုံးကံမကောင်းနိုင်တာမို့ အကျင့်ပြည့်စုံတဲ့ သူတို့ဆီကိုသာ တစ်ည၊ နှစ်ညလောက်သာပို့ ထားလိုက် အားလုံးကံကောင်းသည်တဲ့။ လူတွေကလည်း ကံကောင်းမယ်ဆိုရင် ဘာကိုမှမစဉ်းစား။ အမှန် ထင်ပြီး ပို့ကြပေါ့။ ပန်းဦးဆက်သူမရှိသေးဘူးဆိုရင်လဲ အမျိုးသမီးအချောအလှလေးတွေကိုခေါ်ထားပြီး ရေ ချိုးပြီးတဲ့အခါ ဆီလိမ်းပေးရ၊ ဆံပင်ရှင်းပေးရ။ ခြေဆုပ်လက်နယ် လုပ်ပေးရပါသတဲ့။ ဒါတွေက အရည်းကြီး ရဲ့ သာသနာပြုလုပ်ငန်းကြီးတွေပေါ့။ သူတို့အကြောင်းအပြောရင် ပြောမဆုံးပေါင် တောသုံးတောင်ပါပဲ။
အမြစ်စွဲနေတဲ့ မှားတဲ့အယူကို တွန်းလှန်ဖို့ အနော်ရထာ မင်းစောမှာ အားလိုသည်လေ။ အားကမပြည့်ရသေး တဲ့အထဲ နိုင်ငံကလည်း ကြီးမားသေးတာမဟုတ်။ ပုဂံဆိုတာ တမ္ပဒီပခေါ် မြေလတ်ဒေသတစ်ဝိုက်လောက် ရယ်။ ကသာ၊ မန္တလေး၊ မိတ္ထိလာ၊ ကျောက်ဆည်၊ စစ်ကိုင်း၊ ရမည်းသင်း၊ ပခုက္ကူ၊ မကွေးနဲ့ မင်းဘူးတစ်ဝိုက် လောက်သာရှိမည်ဖြစ်ကြောင်း ခန့်မှန်းခဲ့ကြပါတယ်။ ဒါကြောင့် သူရဲကောင်းများစုပြီး နယ်ကိုချဲ့ကာ မှန်ကန် တဲ့ အသိနဲ့ ပြည်ထောင်စုနိုင်ငံတော်ကြီးတိုးတက်အောင်လုပ်ရဦးမယ်မဟုတ်ပါလား။ နိုင်ငံတော်ကို အကျယ် မချဲ့ခင် အနော်ရထာမင်းစော ပထမဦးဆုံး လုပ်ရမယ့် အလုပ်တစ်ခုက ပေါ်လာပြန်ပြီ။
(အပိုင်း ၃) ဆက်ရန်
