Saturday, 6 May 2017

အသက်နဲ့ဆက်ခဲ့တဲ့ သာသနာ (သို့) သာသနာကို အသက်ပေး ဆက်ခဲ့သူ (အပိုင်း ၁)


အပြောင်းအလဲဆိုတာ လောကရဲ့ သဘာဝတစ်ခုပဲ ထင်ပါတယ်။ အကောင်းမှ အဆိုး၊ အဆိုးမှ အကောင်း။ အ ရာရာ မမြဲဘူးဆိုတဲ့ ဗုဒ္ဓစကားကို မသိမသာထောက်ခံနေတဲ့ စကားတစ်ခုလို့ပြောရင်လဲ မှန်မယ်ထင်ပါတယ်။ ပြောင်းလဲမှုကိုဖြစ်စေတဲ့အကြောင်းတွေ အမျိုးမျိုးရှိပါတယ်။ အမြင်ကြောင့် ပြောင်းလဲသလို၊ အကြားကြောင့် လဲ ပြောင်းလဲတတ်ပါတယ်။ တကယ်တော့ အရာအားလုံးဟာ အကြောင်းအကျိုးဆက်နေတာပါပဲလေ။

ဗုဒ္ဓဂေါတမဟာ သက်ရှိသတ္တ၀ါတွေအတွက် လောကမှာ ပွင့်ပေါ်လာတာမှန်ပေမယ့် အသက်နဲ့ဆက်ရတဲ့ သတ္တ၀ါမို့ အသေကိုလက်ခံရင်း ပရိနိဗ္ဗာန်စံသွားပါပကော။ တရားတော်တွေ ပြန့်ပွားအောင် အဇာတသတ် မင်းနဲ့ ရှင်မဟာကဿပတို့က ဆက်လက်တာဝန်ယူဆောင်ရွက်ခဲ့လို့ သာသနာအသက် ဆက်လက်ပြီး ရှင် သန်ခွင့်ရခဲ့ပြန်ပါတယ်။ ဒါပေမယ့် ကာလကြာလာတာနဲ့အမျှ အနှောက်အယှက်ဆိုတာ ပေါ်လာမြဲပဲမဟုတ် လား။ သာသနာ နှစ်တစ်ရာလောက်မှာ အသားထဲက လောက်ထွက်သလို အပေါ့နေချင်သူတွေကြောင့် သာ သနာဟာ ငြှိးနွမ်းမလိုအဖြစ်နဲ့ ကြုံခဲ့ရသေးတယ်။ ဒါကို ရှင်အာနန္ဒာတပည့်ရင်း ယသမထေရ်တာဝန်ယူ ရှင်း ခဲ့လို့ သူတော်ကောင်းစစ်ဖြစ်ဖို့ ကိုယ်နဲ့နှုတ်ကိုစောင့်ထိန်းရင်း ဆောင်စရာ၊ ရှောင်စရာများကိုလိုက်နာရမယ့် သီလသာသနာ၊ လှုပ်ရှားနေတဲ့စိတ်ကြောင့် ဘ၀တွေလှုပ်ရတာဖြစ်လို့ ငြိမ်သက်အောင် ထိန်းသိမ်းရတဲ့ သမာ ဓိ သာသနာ၊ ရှုပ်ထွေးတဲ့လောက၊ မရချင်တဲ့ ဒုက္ခမှလွတ်ဖို့ ကျင့်ရင်း မှန်ကန်တဲ့အသိရှာဖွေရတဲ့ ပညာသာ သနာတော်ဟာ အလွန်သန့်ရှင်းခဲ့ပါတယ်။ သာသနာ ဆိုတာ ဗုဒ္ဓဘုရားရဲ့ မကောင်းတာရှောင်၊ ကောင်းတာ ဆောင်၊ စိတ်ကိုဖြူစင်အောင်ထားဆိုတဲ့ အဆုံးအမကိုပြောတာပါ။ သာသနာဆိုတာရှိနေသရွေ့ သူတော် ကောင်းတွေ၊ လွတ်မြောက်သူတွေ ရှိနေဦးမှာပဲလေ။

သာသနာအသက် နှစ်ပေါင်း နှစ်ရာကျော်တော့ ဗြဟ္မဏ၀ါဒီတွေရဲ့ ပူးသတ်မှု၊ အုပ်ချုပ်သူလူတန်းစားတွေရဲ့ စိတ်ဝင်စားမှုနည်းတာကစပြီး သာသနာဟာ တိမ်ဖုံးတဲ့လလို မသာနိုင်တော့ပါဘူး။ လမရှိတဲ့ညမှာ စမ်းတ၀ါး သွားရသလို အမှောင်လောကမှာ မှန်ကန်တဲ့အသိမရှိဘဲ ရမ်းပြီးသွားနေရတာက သက်ရှိသတ္တ၀ါတွေ။ အမှား ကိုအမှန်ထင်တော့ အဆိုးကို အကောင်းထင်ပြီးလုပ်မိရင်း ဒုက္ခများကာ အပါယ်သွားရတာက သနားစရာ သ တ္တ၀ါများ။ အဆိုးများလာရင် အကောင်းအတွက် ပြောင်းလဲပေးဖို့ သူတော်ကောင်းတစ်ယောက်တော့ ပေါ် လာမြဲပါ။

မှားယွင်းတဲ့အယူကို အမှန်ထင်ပြီး မိစ္ဆာတွေကို ကိုးကွယ်နေတာက ဘုရင် ဗိန္ဓုသာရ။ နန်းတော်ထဲ မိစ္ဆာဒိဋ္ဌိ ခြောက်သောင်းပင့်ပြီး နေ့တိုင်းဆွမ်းကပ်ပါသတဲ့။ လှူတာကုသိုလ်ပဲဟာ လုပ်ချင်ရာလုပ်ပေါ့၊ ပုဂ္ဂိုလ်မရွေးပါ ဘူးလို့ပြောလာရင် အဖြေတော့ရှိပါတယ်။ အလုပ်အားလုံးကောင်းပါတယ်။ အသိမပါဘဲ လုပ်ချင်တာကို လုပ် နေရင် အလုပ်ဆိုတဲ့နာမည်ကလွဲပြီး တိုးတက်မှုမရှိနိုင်သလို အမှားလုပ်မိရင် အရေးပါယူခံရမယ့် အဖြစ်ကို လဲ ထည့်တွေးထားပါလို့ အသိပေးပါရစေ။ စေတနာကောင်းနဲ့ သက်ရှိသတ္တ၀ါတွေကို လှူဒါန်းကျွေးမွေးတာ မှားတယ်လို့ မဆိုပေမယ့် လူဆိုတဲ့ သတ္တ၀ါကို ပေးမိ ကျွေးမိ လှူမိရင် ကောင်းကျိုးရမှာကနောက် အတွေး မှားကို လက်ဆင့်ကမ်းခဲ့မှာက အရင်။ မှားတဲ့အသိနဲ့ မှန်တဲ့လမ်းကို လျှောက်နိုင်သူဆိုတာ လောကမှာမရှိပါ ဘူး။ လမ်းမှားသွားမိလို့ အိမ်အမှန်ရောက်ကောင်း၊ တွေ့ကောင်းတွေ့နိုင်ပေမယ့် အသိမှားသူတစ်ယောက် ဘယ်လိုနည်းနဲ့မှ ကောင်းရာဘုံကိုမရောက်နိုင်ဘူးဆိုတာကို ယုံထားလိုက်ပါ။ ဘ၀ခရီးလမ်းဆိုတာ လူဖေါက် ထားတာမဟုတ်ဘူးလေ။ ကံဖေါက်ထားတဲ့လမ်းကိုး။

ဘုရင်ဗိန္ဓုသာရမှာ ထင်ရှားတဲ့ သားတစ်ပါးရှိပါတယ်။ သူက အသောကမင်းသား။ အဖေလွန်ပြီးနောက် အဖေ့ အမွေတွေကို ဆက်ခံခဲ့သူပေါ့။ ပိုင်ဆိုင်နေရာ ကျဉ်းတယ်လို့တွေးလို့လား၊ အာဏာစက်ကို ပိုမိုပြန့်စေချင်လို့ လားမပြောတတ်။ အသောက နန်းတက်လာပြီးကတည်းက တိုက်လိုက်တဲ့စစ်။ မနားတမ်းပါပဲ။ စစ်ဆိုတာ လူ တွေကို အသက်ရှင်သန်ခွင့်ပေးတဲ့ နေရာမှာ မဟုတ်ဘဲ။ ရှင်သန်ခွင့်ရသူတွေကို ရပ်တန့်စေတဲ့နေရာပေါ့။ အ သောကမင်းကြီး ချဲ့လိုက်တဲ့နယ်၊ ပိုင်လိုက်တဲ့မြေ၊ ပြန့်လိုက်တဲ့အာဏာ။ မော်မကြည့်ရဲအောင် တန်ခိုးထွား ခဲ့တာလား။ အသောကနာမည်ကြားရင် သက်ရှိသတ္တ၀ါအားလုံး သောကဖြစ်ရတာချည်း။ အသက်ရှင်သန်နေ ရပေမယ့် နာမည်သေရမယ့်အဖြစ်။ ဒါပေမယ့် အံ့သြစရာအပြောင်းအလဲကတော့ သြချလောက်ပါရဲ့။ အာ ဏာပြချင် နယ်ချဲ့ချင်ခဲ့တဲ့ အသောကမင်းကြီးတစ်ပါး ကလိင်္ဂစစ်ပွဲမှာ နောင်တအကြီးအကျယ်ရပြီ။ သူ့ရဲ့ အာဏာ၊ သူပိုင်ဆိုင်ရတဲ့ မြေဆိုတာ သွေးတွေလွှမ်းနေတဲ့မြေ၊ အကြောက်တရားနဲ့ရှင်သန်နေတဲ့ လူသား တွေပဲဆိုတာကိုပေါ့။ ရလာတဲ့နောင်တကို အမှန်နဲ့အစားထိုးဖို့ကြိုးစားပေမယ့် အမှန်ပြသူက မရှိခဲ့။ နာကြင်ခဲ့ တဲ့နှလုံးသားကို ဘာနဲ့များ အစားထိုးကုသရမှာပါလိမ့်။ ကလိင်္ဂစစ်ပွဲမှာ အသက်ငင်နေသူတွေကို အသက်ရှင် စေဖို့ အသောကမင်းကြီးကိုယ်တိုင် ရေတိုက်တာတောင် အာဏာမက်သူရဲ့ လက်နဲ့တိုက်မယ့်ရေကို သောက် မဲ့ အစား သေတာက ကောင်းတယ်ဆိုပြီး အသေခံသွားတဲ့ သူရဲကောင်းများရဲ့ အပြုအမူတွေက အသောက မင်းကြီးရဲ့ နှလုံးသားမှာ ဆူးလိုစူးဝင်နေဆဲ။

သောကဆူး စူးဝင်နေတာက သောကမရှိဘူးဆိုတဲ့ အသောကမင်းကြီး။ အရှိအတွက် အသက်ရှင်တယ်ဆိုတဲ့ အတွေးနဲ့ ဘ၀ရဲ့ပြည့်စုံမှုတွေကို အကျယ်ချဲ့ခဲ့ပေမယ့် ရလိုက်တာက သောကမီး။ အမှားကို စမြင်လာတာ ဟာ အမှန်ကို ရှာဖွေသူတွေရဲ့လမ်းစပါပဲ။ အသက်သေတာ သွေးချောင်းစီးတာမြင်ပြီး မင်းရဲ့စည်းစိမ်ဆိုတာ လူတွေရဲ့ သောကနဲ့ဖန်တီးထားပါလားလို့ သိလာရတဲ့ အသောကမင်းကြီးတစ်ပါး အမှန်တရားကို ရှာဖွေဖို့ ကိုးကွယ်ခံသူဖက်လှည့်လာပြီ။ သူကိုးကွယ်ခဲ့တာ ဖခင်ရဲ့ အမွေ ဒိဋ္ဌိကြီးတွေမဟုတ်လား။ တရားရှိမရှိမသိ သောကပျောက်အောင်ကုပေးနိုင်စွမ်းရှိမရှိ မသေချာ။ ကြည့်ရတာနဲ့ သောကများရတဲ့အဖြစ်။ အ၀တ်ကမပါ ခန္ဓာဗလာ၊ မုတ်ဆိတ်ဗလပွနဲ့ နေတာထိုင်တာကအစ အားလုံး အထင်ကြီးစရာ တစ်စက်မှမရှိ။ ဒီအခြေအနေ ပိုင်ဆိုင်ထားသူတွေဆီက လွတ်မြောက်မှုကို ဘယ်လိုများ မျှော်လင့်ရပါ့။

တစ်ရက်။ အသောကမင်းကြီး အမတ်တွေကို မိန့်တယ်။ မိမိတို့ကိုးကွယ်နေတဲ့ သူတွေကို သင့်တော်တဲ့နေရာ ယူဖို့ပြော၊ ငါကိုယ်တိုင် မင်းဆရာအဖြစ်တင်မြှောက်ပူဇော်ချင်လို့ဆိုတော့ အမတ်တွေ စိတ်ကူးယဉ်ကြပြီ။ သူ တို့ ကိုးကွယ်တဲ့ဆရာတွေသာ မင်းဆရာဖြစ်ခဲ့မယ်ဆိုရင် သူတို့လဲ…….. စသည်ဖြင့်တွေးပြီပေါ့။ အရှိကြိုက် တဲ့ ပုထုဇဉ် ငမိုက်သားတွေမို့လား။ သူလဲ သူလို ကိုယ်လိုတွေးတာဆန်းသလား။ ဒါကြောင့် ဆရာတွေကို အ သေအချာလျောက်ရပြီ။ သင့်တော်တဲ့ နေရာကိုယူပြီး ထိုင်ကြဖို့ပေါ့။ အသောကမင်းကြီး စောင့်ကြည့်နေပါ သော် ကော။ ဘုရင်ထိုင်တဲ့ ပလ္လင်ပေါ်သာတက်ထိုင်ရင် မင်းဆရာအဖြစ်တင်မြှောက်ဖို့ စိတ်ကူးပြီးသား။ အ ရှင်သူမြတ်တို့ အရှင်ဘုရားတို့နဲ့ သင့်တော်တဲ့နေရာကို ယူပါလို့ အသောကလျှောက်စကားက ဒိဋ္ဌိတွေရဲ့ အ ကြောက်တရားကို မပျောက်စေခဲ့ပါဘူး။ အသောကဆိုတာ မထင်ရင် မထင်သလို အပြစ်ပေးတတ်သူလေ။ မှားတာနဲ့ သွားရမယ့်လမ်းက တစ်ခုတည်း။ သေလမ်း။ ဒါကို ကောင်းကောင်းသိထားတဲ့ ဒိဋ္ဌိတွေ ပလ္လင်ပေါ် တက်ထိုင်ဖို့ ဝေးစွ။ အနားတောင် မသီရဲ။ သူတို့ရဲ့ စိတ်က သူတို့ရဲ့ အကျင့် ယုံကြည်မှုကို ပြတယ်ဆိုတာကို အသောကမင်းကြီး ကောင်းကောင်းသိသည်လေ။ နိုင်ငံအုပ်ချုပ်မင်းလုပ်နေသူပဲ။ ဒီလောက်တော့ သိတာပေါ့ ပလ္လင်ပေါ်မတက်ရဲ အဆင်သင့်တဲ့နေရာမှာ အဆင်ပြေသလို ထိုင်နေကြတာကိုကြည့်ပြီး အသောကမင်းကြီး သဘောပေါက်ပြီလေ။ သူ့ကိုကြောက်နေသူတွေဆီမှာ မကြောက်တရားကို ဘယ်လိုခံယူကျင့်သုံးရပါမလဲ။

အချိန်တစ်ခုဆိုတာ စောင့်ရတာပါပဲ။ အမှားကို အမှန်နဲ့အစားထိုးဖို့အတွက် မှန်ကန်တဲ့အသိကို ကိုယ်တိုင် သိ ဖို့လိုအပ်သလို ကိုးကွယ်နေသူ ပြည်သူတွေလဲ သိဖို့လိုတယ်လေ။ လေသာပြတင်းမှာ ထိုင်တဲ့တစ်နေ့။ အဲဒီ တစ်နေ့ဟာ အားလုံးကို ပြောင်းလဲသွားစေမယ့် နေ့တစ်နေ့ပါပဲ။ နန်းတော်ကို ဖြတ်လျှောက်သွားတဲ့ သူကငြိမ် သက်လွန်းပေစွ။ ပြည့်စုံတဲ့ ဣနြေ္ဒနဲ့ လျှောက်လှမ်းနေသူက အသက်ကြီးတဲ့ မထေရ်ကြီးမဟုတ်။ ကြည့်ရတာ အသက်က မြေးအရွယ်လောက်။ ထားတဲ့ဣနြေ္ဒက ၀ါခြောက်ဆယ်ရ မထေရ်ကြီးလို။ တွေ့မြင်ရတာ သဘော ကျလိုက်တာ။ ငါလိုချင်တဲ့တရား ရှိမယ်ဆိုတာ အသေအချာလို့ ယုံကြည်မိသူက အသောက။ ဒါကြောင့်ပဲ ချက်ချင်း သွားပင့်ခိုင်းရသည်ပေါ့။ ကိုရင်လေး နန်းတွင်းလှမ်းကြွတာ တစ်ကမ္ဘာလောက်ကြာသည်ဟုထင်မိ သည်လေ။ လိုချင်တာကိုး။ အရှင်ဘုရား သင့်တော်တဲ့နေရာရွေးထိုင်ပါဘုရားလို့ လျှောက်တင်လိုက်တော့ ကို ရင်လေးက ရာဇပလ္လင်ပေါ်တက်ထိုင်ပါရောလား။ ငါလိုချင်တာ ဒါပဲလို့ ရင်ထဲ ကြိတ်ကျေနပ်ရသည်က အ သောက။ အရှင်ဘုရား……..အရှင်ဘုရားဆရာ ဆုံးမတဲ့ တရားစကားလေးများရှိရင် တပည့်တော်ကို ဆုံးမ တော်မူပါလို့ လမ်းခင်းပေးလိုက်တော့…..။
အပ္ပမာဒေါ အမတံ ပဒံ၊ ပမာဒေါ မစ္စုနော ပဒံ။
အပ္ပမတ္တာ န မီယန္တိ၊ ယေ ပမတ္တာ မတာ ယထာ။

မမေ့တဲ့ သတိနဲ့ ဘ၀ကိုဖြတ်သန်းရင် မသေရာဖြစ်တဲ့ နိဗ္ဗာန်ရောက်ကြောင်းဖြစ်သလို အကုသိုလ်တွေနဲ့ မေ့ လျော့စွာ ဘ၀ကိုဖြတ်သန်းရင်တော့ ဘ၀တိုင်းသေရမယ့် အကြောင်းတရားများကို ဖန်တီးတာပါပဲ။ ဒါကြောင့် သတိနဲ့ ဒါန လုပ်သူ သီလဆောက်တည်သူ ဘာဝနာပွားသူများဟာ မသေသူတွေဖြစ်ပြီး၊ ဘ၀ကိုအပျော်၊ အပူ၊ အမေ့တွေနဲ့ ဖြတ်သန်းသူတွေဟာ သေလူတွေပဲလို့ တိုတိုတုတ်တုတ် ဟောပြလိုက်ပြီ။

တိတ်ဆိတ်ငြိမ်သက်နေတဲ့ ခန်းမကြီးကို တရားအသံနဲ့ ဖြိုခွင်းလိုက်သူက ကိုရင်လေး နိဂြောဓ။ ဟောတဲ့ တရားက အပ္ပမာဒ တရား။ မမေ့နဲ့ သတိနဲ့နေပါဆိုတဲ့ တရားက တတိယသံဂါယနာတင်ရသည်အထိ အသောကမင်းကြီးရဲ့ စိတ်နဲ့ ဘ၀ကိုပါ ပြောင်းလဲပေးနိုင်စွမ်းသည်လေ။ သတိရှိ အသိဖြည့်နေတဲ့ မင်းကြီး ဟာ သူသိသလို အများကို သိစေချင်တဲ့ဆန္ဒကြောင့် ကိုးတိုင်းကိုးဋ္ဌာန သာသနာပြုစေလွှတ်သည့်အထိ ကြိုး ပမ်းခဲ့သည်။ ဘုရားလောင်းရဲ့ အသွေး အသားနဲ့ ရေးခဲ့တဲ့ သာသနာတော်ကို အသိရစေဖို့ ဖြန့်ပေးခဲ့တာ သွေးတစ်စက်မကျခဲ့။ လိုသူယူ၊ ကျင့်သူတွေ လွတ်မြောက်သည်အထိ အစွမ်းထက်တဲ့ သာသနာ။ ကိုးတိုင်း ကိုးဋ္ဌာန သာသနာပြုခရီးစဉ်မှာ သုဝဏ္ဏဘုမ္မိလဲပါခဲ့သည်လေ။ ကျေးဇူးကြီးမားပေစွ။ တကယ့်ကို ကျေးဇူးကြီး မားသည်ကော။ ကျေးဇူးတရားဆိုတာ မေ့လို့ရတဲ့အရာမဟုတ်ဘူးလေ။

ဘီစီ သုံးရာစုက ပြန့်ခဲ့တဲ့ သာသနာ မြန်မာပြည်မှာရော တကယ်ပြန့်နှံခဲ့တာလား။ အခု မြန်မာပြည်သူ ပြည် သားတွေ ကိုးကွယ်နေတဲ့ သာသနာကရော အသောကမင်းကြီးရဲ့ မူရင်း သာသနာလား။ ကျေးဇူးတရားဆို တာ တိုက်ရိုက်ကျေးဇူးတင်ရတာ ရှိသလို၊ တဆင့်ခံ တင်ရတာလဲ ရှိတယ်မို့လား။ စာပေသင်ကြားတုန်းက ရ ခဲ့တဲ့ အသိတစ်ခုရှိပါတယ်။ အကြောင်းက နှစ်မျိုးရှိပါသတဲ့။ နီးတဲ့အကြောင်းနဲ့ ဝေးတဲ့အကြောင်းတဲ့။ မြန်မာ တွေ ကိုးကွယ်နေတဲ့ သာသနာတော်ဟာ အသောကမင်းကြီးကြောင့် ဟုတ်ကောင်း ဟုတ်နိုင်ပေမယ့် သူ့ ထက် ပိုကျေးဇူးတင်ရမယ့်သူတစ်ယောက်ရှိပါသေးတယ်။ မြန်မာပြည်သူ ပြည်သားအတွက် ပို၍ကျေးဇူးတင် ရတဲ့ နီးတဲ့အကြောင်းတရားတစ်ခုတော့ တကယ့်ကိုရှိနေခဲ့ပါတယ်။ သမိုင်းဆိုတာ မှန်ကန်တဲ့အသိတစ်ခုအ တွက် အမြဲဖွင့်ထားတဲ့ တံခါးတစ်ခုပဲ မဟုတ်ပါလား။ သမိုင်းရဲ့ အပိုင်းအစကို သိဖို့ အတိတ်တံခါးကို ဆွဲဖွင့် လိုက်တဲ့အခါ…………………..။

အေဒီ (၁၁) ရာစု။ အတိအကျပြောရရင် ခရစ် (၁၀၄၄)။ မြေပြန့်ဒေသ တစ်စိပ်တစ်ပိုင်းမှာ ထီးနန်းစိုးစံခွင့်ရ လာသူက အနော်ရထာမင်းစော။ အနိရုဒ္ဓလို့လဲ ခေါ်ကြသလို အနုရာဓမင်းသားလို့လဲ ခေါ်ကြသေးသည်လေ။ ပုဂံနေပြည်တော်ကြီးမှာ မင်းဆက် (၅၅) ဆက် စိုးစံခဲ့ကြောင်း မှတ်သားရပါတယ်။ အနော်ရထားမင်းက (၄၂) ဆက်မြောက်မင်း။ အနော်ရထာမင်းတရားဟာ ပထမမြန်မာနိုင်ငံတော်ကို စတင်တည်ထောင်ခဲ့သူ။ မှန်ကန် တဲ့ အသိကို ရဲရဲဝံ့ဝံ့ပေးစွမ်းနိုင်ခဲ့သူ။ ပုဂံသမိုင်း စာမျက်နှာသစ်ကို ရေးထိုးနိုင်ခဲ့သူ။
(အပိုင်း ၂ ဆက်ရန်)