Saturday, 6 May 2017

မှန်တိုင်းမကောင်းပါ (အဆက်)


(အဆက်)
တစ်ယောက်တည်းနေပြီး လောကမှ လွတ်မြောက်ကြောင်းတရားကို ရှာဖွေနေတယ်ဆိုရင်တော့ ပြဒါးပါတဲ့ မှန်နဲ့ တူတဲ့ ဓမ္မသစ္စာကို လက်ကိုင်ထားပါ။ ပြဒါးပါတဲ့ မှန်က ကိုယ့်မှာရှိတဲ့ အမှားကို ချွင်းချက်မရှိထောက်ပြ ပါလိမ့်မယ်။ အဒီအချိန်မှာ ပြင်ဖို့သာ လုပ်ထားပါတော့။ ဓမ္မမှန်ကို အများမှာသွားတပ်ရင် အပြစ်ထင်ပြီး အ ပြစ်ကျူးလွန်မိမှာစိုးလို့ လွတ်မြောက်ရေးအတွက် ကြိုးစားနေသူတွေကို အသိပေးရတာပါ။ မှန် တပ် မမှားစေ ချင်လို့ပါ။ ပရမတ္ထ ဓမ္မသစ္စာဆိုတာ လေးမျိုးရှိပါတယ်။ ဘယ်တော့မှ မပြောင်လဲတဲ့ သဘောတရားတွေပေါ့။ အမှန်တရားရှာရင်း လွတ်မြောက်လိုသူတွေဟာ ဒီအမှန်တရားကို ငါလို့ထင်နေတဲ့ ခန္ဓာငါးပါးထဲမှာ ရှာဖွေရ မှာပါ။ သစ္စာလေးပါးဆိုတာ လိုချင်ရင် ဆင်းရဲ၊ မလိုချင်ရင် ချမ်းသာ တဲ့။ ဟုတ်ပါတယ်။ လောဘနဲ့ ဖက်မွေး လာတဲ့ သတ္တ၀ါတွေ လိုချင်မှုများကြောင့် ဆင်းရဲသားဖြစ်နေကြတာပါ။ ဆင်းရဲဆိုတာ အိုတာ၊ နာတာ သက် သက်ကိုပြောတာမဟုတ်ပါဘူး။ မမြဲတဲ့ သဘောတရား၊ ကိုယ်ဖြစ်စေချင်သလို မဖြစ်တဲ့အရာတွေဟာ ဒုက္ခ ဆင်းရဲများပါပဲ။ ဒါတွေ ဘာကြောင့် ဖြစ်လာတာလဲဆိုရင် လိုချင် ဖြစ်ချင်တဲ့ စိတ်တွေကြောင့်ပါ။ လိုချင် ဖြစ် ချင်တဲ့ စိတ်က အဆိုးဆိုတာမရှိ၊ ဆင်းရဲဆိုတာ ဘာလဲ၊ မမြဲတဲ့အရာဆိုတာ ရှိလို့လား၊ ကိုယ်လုပ်ရင်ဖြစ်စတဲ့ အတွေးများနဲ့ ဘ၀ဖြတ်သန်းရအောင် ဖန်တီးပေးနေတာပါ။ ဒါတွေဟာ ဘယ်ဖန်ဆင်းရှင်မှ ဖန်တီးထားတာ မဟုတ်ဘဲ မှန်ကန်တဲ့ အသိမရှိလို့သာ သတ္တ၀ါတွေမှာ အာရုံနဲ့ထိတွေပမှုတွေကြောင့် အလိုလိုပေါ်လာတဲ့ အ ရာတွေပါပဲ။

ဆင်းရဲ ပယ်ဖျောက်ပြီး ငြိမ်းအေးတဲ့ ချမ်းသာရဖို့ဆိုရင် မလိုချင်မှ ဖြစ်မှာပါ။ သက်ရှိသတ္တ၀ါတွေ ကို မလိုချင်နဲ့ မဖြစ်ချင်နဲ့လို့သွားပြောရင် ဘ၀ကို ဘယ်လိုဖြတ်သန်းမလဲ၊ အောင်မြင်မှုဆိုတာ ဘ၀မှာ ရှိနိုင် ပါတော့မလားလို့ ပြန်မေးကြမှာ အမှန်ပါပဲ။ ဒီလိုအတွေးတွေဟာ ဘ၀ကိုတမ်းတတဲ့ လိုချင် ဖြစ်ချင်တဲ့ တ ဏှာကြောင့် ပေါ်လာရတာပါ။ လိုချင် ဖြစ်ချင်နေတဲ့ သူကို မဖြစ်ချင်နဲ့ မလိုချင်နဲ့ ပြောရင် ဟာသတစ်ခုဖြစ်မှာ အမှန်ဖြစ်ပေမယ့် အသိရှိသူအတွက်ကတော့ မှန်ကန်တဲ့ သစ္စာတရားဆိုတာ လက်ခံပါတယ်။ လိုချင်တာကို လွှတ်ချမှ လွတ်မြောက်သူဖြစ်မှာပေါ့။ လိုချင် ဖြစ်ချင်တဲ့ စိတ်တွေဟာ အမှားကိုလုပ်စေတတ်တယ်ဆိုတာ သိ ပြီးကျင့်နေသူတွေ နားလည်တဲ့အရာတစ်ခုပါပဲ။ အမှားဆိုတာ ကိုယ်တိုင်လုပ်တတ်တဲ့အရာတွေဖြစ်တော့ မ လုပ်မိအောင် ကိုယ့်ဟာကို ပြန်ဆင်ခြင်ရတာပေါ့။ ငါ့မှာ အမှားလုပ်နိုင်တဲ့ စိတ်ရှိလား၊ လိုချင်မှု ဖြစ်ချင်မှုတွေ များနေလားဆိုတာကိုပါ စိတ်ကိုပြန်စစ်ရတာလေ။ ဒါဟာ မှန်ကန်တဲ့ အသိနဲ့ ကိုယ့်အမှား ကိုယ်ရှာတာပါပဲ။ပြ ဒါးရှိတဲ့ မှန်ကြည့်ပြီး မျက်နှာမှာ အပြစ်ရှာသလိုပေါ့။

သံသရာလည်ပြီး လောကထဲမှာရှိနေဦးမယ်ဆိုရင်တော့ လောကသစ္စာကို အသိနဲ့ လက်ခံရမှာပါပဲ။ အရှိကို ရှာတဲ့အခါ မသိ မတတ်ဘဲရှာရင် အလိမ်ခံရတတ်လို့ပါ။ ပရမတ္ထ ဓမ္မသစ္စာကိုတော့ အကျင့်နဲ့ လက်ခံမှ ဖြစ် တာ။ အလေ့အကျင့်နည်းသူက လူကြားထဲလဲ မရှောင်ဘဲ ဒုက္ခအကြောင်းပြောတတ်၊ လူတွေ လောဘကြီး လို့ ဒီလိုဖြစ်နေတာ စသည်ဖြင့် လူကြားထဲ ပြောတတ်လို့လေ။ အရှိရှာတဲ့ ပုထုဇဉ်ကတော့ လောကသစ္စာကို လက်ခံပြီး၊ အသိရှာတဲ့ ပုထုဇဉ်ကတော့ ဓမ္မသစ္စာကို လက်ခံပါတယ်။ ဒီပုထုဇဉ် နှစ်ယောက်ဟာ အသိ အ ကျင့်မပြည့်သရွေ့ ငါမှန် ငါသိ လုပ်နေကြဦးမှာပါပဲ။ အသိနဲ့ အကျင့်နှစ်ခုပေါင်းပြီး လောကမှာ ရှင်သန်နေတဲ့ အရိယာများကတော့ လောက၊ ဓမ္မသစ္စာ နှစ်ခုလုံးကို လိုက်လျောညီထွေ ကျင့်သုံးကြပါတယ်။ အရိယာ သော တာပန်ဖြစ်လို့ စီးပွားမလုပ်တော့ဘူးဆိုတဲ့အတွေးကို အရိယာဝိသာခါ ကျောင်းအစ်မကြီးရော၊ အရိယာ အနာ ထပိဏ်ပါ မတွေးတဲ့ အတွေးတစ်ခုပါ။ ဒါဟာ လောက သစ္စာကို ဓမ္မသစ္စာနဲ့ လက်ခံတယ်ဆိုတာ အကျင့် အ သိမပြည့်သေးတဲ့ ပုထုဇဉ်တွေကို အသိပေးလိုက်တာပါပဲ။ လောကထဲနေရင် လိုက်လျောညီထွေနေရမယ် ငါ တို့က ဓမ္မ သိနေလို့ အလုပ်မလုပ်ဘဲ နေသူတွေမဟုတ်ဘူး သိလို့ကို သတိထားလုပ်နေတာလို့ နှုတ်နဲ့ ထုတ် မပြောပေမယ့် ထုတ်ပြောနေသလိုပါပဲလေ။ အရိယာမဖြစ်သေးရင် လောကကို မဆန့်ကျင်ဖို့၊ ဓမ္မအတိုင်းကျင့် သုံးနေထိုင်ဖို့ပဲ လိုတာပါ။ အသိ အကျင့်ပြည့်သွားတဲ့ ရဟန္တာပုဂ္ဂိုလ်ဆိုရင်တော့ လောကီအာရုံကာမဂုဏ်များ ကို အပြီးအပိုင်စွန့်သွားမှာ အသေအချာပါပဲ။

အရှိအကြောင်းပဲ တွင်တွင်ပြောနေမယ်ဆိုရင် ပရမတ္တဓမ္မသစ္စာကို လက်မခံတဲ့ ပုထုဇဉ်အကြမ်းစားဖြစ်နိုင်သ လို၊ အသိ ပရမတ္ထသစ္စာ သက်သက်သာပြောပြီး အရှိရှာသူများကို အပြစ်ပြောနေမယ်ဆိုရင် ဓမ္မကျက်စာနဲ့ ကျင့်စာ မကျေသေးတဲ့ ပုထုဇဉ်ပေါ့။ အရှိကိုရှာနေပေမယ့် အသိနဲ့တွဲပြီး အကျင့်ကိုလေ့လာရင်း အားလုံးကို လက်ခံနိုင်အောင် ကြိုးစားသူကတော့ ပုထုဇဉ် အနုစားပေါ့။ အကျင့်ကြောင့် အရှိရော အသိပါ လက်ခံရင်း ဘ၀ရှင်သန်နေသူဆိုရင်တော့ အောက်အရိယာပုဂ္ဂိုလ်များပဲ့လေ။ အကျင့်နဲ့ အသိသာဦးစားပေးပြီး အရှိဆို တာ မရှိလဲ ဖြစ်တယ်လို့ လက်ခံထားသူတွေကတော့ ပူဇော်ခံထိုက်ဆုံး ရဟန္တာအရှင်သူမြတ်ပါပဲ။

အမှန်တရားဆိုတာ နေရာအလိုက်သုံးရပါတယ်။ အမှန်တရားမှာ ငါမှန်တယ်ဆိုတဲ့ အယူအဆ မရှိပါဘူး။ ငါ မှန်တယ်ပြောရင် အငြင်းပွားနေလို့ပဲဖြစ်ပါလိမ့်မယ်။ ငါ ကိုဖြုတ်ပြီး အမှန်ကို သုံးမှ သင့်တော်တယ်ဆိုတာ ဆုံး မစကားတွေ ကြားဖူးပါတယ်။ ကိုယ့်အပြစ်ကို ကြည့်ချင်ရင် ဓမ္မမှန် (ပြဒါးရှိမှန်) ကို သုံးရမှာဖြစ်သလို အများနဲ့ နေပြီး အများကို နားလည်ပေးဖို့ဆိုရင် လောကမှန် (မှန်အကြည်) ကိုသုံးရမှာပါ။ ဘယ်နေရာမှာ ဘယ်မှန်ကို သုံးရမယ်လို့ သိတာဟာ အလေ့အကျင့်နဲ့ အသိတွေပြည့်နေလို့ပါ။ လူသားတွေ အသိ အကျင့်ပြည့်နေရင် အ လိုမကျတာ၊ မကျေနပ်တာ၊ အငြင်းပွားတာတွေရပ်သွားမှာ အသေအချာပါပဲ။ ငြိမ်းချမ်းတဲ့ ကမ္ဘာကြီးကို ဖန် တီးမယ်ဆိုရင်တော့ အသိ အကျင့် ဖြည့်ဖို့လိုအပ်နေပြီလေ။ တော်သူကိုလက်မခံတာ၊ သူများကို ဖိနှိပ်နေတာ ဟာ အသိ အကျင့် မရှိဘဲ အရှိသက်သက်နောက်လိုက်တယ်ဆိုတာ ဓမ္မဘက်တော်သားတွေ သိနိုင်တဲ့ အခြေ အနေ ဖြစ်သလို ကံတရားကလဲ ခွင့်လွှတ်မှာ မဟုတ်ပါဘူး။ ဒါကြောင့် မှန်ကို မှန်ကန်စွာ အသိရှိရှိ အသုံးချဖို့ လိုအပ်နေပါပြီ။

အသိရှိပြီး အသက်ရှင်သန်နေသူ အားလုံး မှန်ရှေ့ရပ်ပြီး ငါ ထင်တဲ့ အမှန်တရားကို လောကလူသားတွေ အားလုံးလက်ခံဖို့ ငါဖြစ်ဖြစ်လာတာလား၊ လောကသစ္စာ၊ ဓမ္မသစ္စာများကို လက်ခံဖို့အတွက် လူဖြစ်လာတာ လားလို့ တစ်ချက်လောက်မေးကြည့်ပါ။ မှန်ကန်တဲ့ အဖြေတစ်ခုတော့ ထွက်လာပါလိမ့်မယ်။

တကယ်တော့ အသိ အကျင့်မပြည့်သူများ အသုံးပြုနေ ပြောနေကြတဲ့ အမှန်တရားဆိုတာ တကယ့်အမှန်ဖြစ် တဲ့ သစ္စာတရားလေးပါးနဲ့ ဝေးနေနိုင်သေးတာမို့ ပုထုဇဉ်တွေ သုံးနေတဲ့ အမှန်ဆိုတာ အမှန်တစ်ဝက် အမှားတစ် ၀က်သာရှိသေးပါတယ်။ ဒါကြောင့် မှတ်ချက်လေးပေးချင်ပါတယ်။ ပုထုဇဉ်တွေ သုံးနေတဲ့ မှန်တိုင်း မကောင်း ပါ လို့။

၀၃.၀၂.၂၀၁၇ သောကြာနေ့